Connect with us

MYANMAR

COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် Community Base Fever Clinic များတိုးချဲ့ဖွင့်လှစ်လျက်ရှိ 

ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသည့် Community Base Fever Clinic ဆေးခန်းစာရင်းအားတွေ့ရစဉ် (Community Fever Clinic Network ရန်ကုန်)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ပရဟိတ အခမဲ့ဆေးခန်း(Community Base Fever Clinic)များတိုးချဲ့ဖွင့်လှစ်နေပြီး ဆေးရုံများ နှင့်ပါ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း Community Fever Clinic Network မှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ နေမင်းထက် က ဆင်ဟွာသို့ မေ ၁၀ ရက်တွင်ပြောသည်။

ဒေါက်တာနေမင်းထက်က “အခုလို ရောဂါဖြစ်ပွားတဲ့ အချိန် ဆေးခန်းတစ်ချို့လည်းပိတ်ထားတဲ့ အခါ လူနာတွေ ဒုက္ခရောက်မှာစိုးတဲ့ အတွက် အခုလိုလုပ်ဖြစ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ Community Fever Clinic Network က မေ ၈ ရက်မှာ တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ဒီနေ့အထိ Fever Clinic ပေါင်း ၁၆ ခုရှိပြီ။ နောက်ထပ်လည်း ထပ်ဖွင့်ဖို့ ရှိပါတယ်’’ ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ Community Base Fever Clinic ဆေးခန်းတစ်ခုတွင် လူနာကြည့်ရှုမှုများဆောင်ရွက်နေစဉ် (Community Fever Clinic Network ရန်ကုန်) 

COVID-19 ရောဂါ  လုံးဝကင်းစင်သွားသည့်အချိန်အထိ  ဆေးကုသ စောင့်ရှောက်ပေးရန် ရည်ရွယ်ထားသည့် စေတနာ့ဝန်ထမ်း ဆရာဝန်များ ဦးဆောင်ဖွင့်လှစ်လျက်ရှိသော Community Fever Clinic Fever Corners များကို  ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ကြပြီး  ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ  စနစ်တကျဖြစ်စေရန် Community Fever Clinic Network ကို မေလ ၈ ရက်ကစတင်ကာ မြန်မာနိုင်ငံ ဆရာဝန်များအသင်းအနေဖြင့်  အကြံပေးဘုတ်အဖွဲ့အဖြစ် တာဝန်ယူပြီး ဆရာဝန်ကြီးများ ၏ လမ်းညွှန်အကြံပေးချက်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။ 

ဒေါက်တာနေမင်းထက် က “ဒီလို Fever Clinic လုပ်တဲ့ အခါ ပထမဆုံးလိုအပ်တာ က မြို့နယ် ရဲ့ ပူးပေါင်းပါဝင်မှု၊  မြို့နယ် တာဝန်ခံဆရာဝန်တွေ နဲ့ တွဲလုပ်ရတာတွေရှိတယ်။ တစ်ချို့ မြို့နယ်တွေမှာ ကွာရင်တင်း ဝင်ရတဲ့ အခါ မြို့နယ်မှာ ရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးတွေ နဲ့ တွဲလုပ်ရတယ်။ ပထမဆုံး အရေးကြီးတာ နေရာရှာရတယ်။ အစိုးရရဲ့ ပူးပေါင်းပါဝင်မှု ယူရတယ်။ ဆေးခန်းအတွက် စေတနာ့ဆရာဝန်တွေ အနည်းဆုံး ၃ ယောက်လိုအပ်ပါတယ်။’’ ဟုပြောသည်။

မူလ က COVID-19 ရောဂါဖြစ်ပွားသည်ဟု သံသယရှိသည့်ဖျားနာ လူနာများအားကြည့်ရှုရန် ရည်ရွယ်ထားသော်လည်း COVID-19 သံသယလူနာမဟုတ်သူများကလည်း ဆေးရုံဆေးခန်းများ ပိတ်ထားသည့် အတွက် လာရောက်ပြသသူများရှိကြောင်း သိရသည်။

ဒေါက်တာနေမင်းထက်က “ကျွန်တော်တု့ိဗိုလ် တစ်ထောင်မှာ ဆရာဝန်တွေက PPE ဝတ်စုံ Level -3 ဝတ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေ ကို Level -2 PPE တွေ ဝတ်ပါတယ်။လူနာကို လုံးဝမကိုင်ဘူး သွေးပေါင်ချိန်မပေးဘူး။ ဆီးချိုလည်း စစ်မပေးဘူး။ အဖျားပဲစစ်ပေးတယ်။ SPO2 လို့ခေါ်တဲ့လက်မမှာညှပ်ပြီး စစ်တာ။ အဲ့ဒါနဲ့စစ်ပြီးတာနဲ့ လက်သန့်ဆေးရည် နဲ့ ပြန်ဆေးရတယ်။ လူနာနဲ့ ဆရာဝန်ကို ကြည့်တဲ့အခါ ၅ ပေကျော်လောက်ကွာပါတယ်။ လူနာ ၁ယောက် ထိုင်ပြီးတိုင်း အရက်ပျံနဲ့ ဖျန်းတာ တွေ လုပ်ပါတယ်။ လူနာရော ဆရာဝန်တွေ ရော လုံခြုံအောင်ဆောင်ရွက်ထားပါတယ်။’’ဟုပြောသည်။

အဆိုပါဆေးပေးခန်းများသို့ မိမိဘာသာ COVID-19 ရောဂါရှိသည်ဟု သံသယ ရှိပြီး လာပြသူများကြောင်း၊ သို့သော်  ၉၀ ရာခိုင်နှုန်းကျော်က သာမာန်ဖျားနာသူများဖြစ်ကြောင်း သိရသည်။  (Xinhua)