Connect with us

WORLD

သွားလာမှုကန့်သတ်ချက်များကို ပိုမို တင်းကြပ်စွာဆောင်ရွက်သွားမည်ဟု စပိန် ဝန်ကြီးချုပ်ပြောကြား 

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ COVID-19 ရောဂါ သီးသန့်ကုသရန် ပြင်ဆင်နေသည့် ယာယီဆေးရုံအား တွေ့ရစဉ်(ဆင်ဟွာ)

မက်ဒရစ်၊ မတ် ၂၉ ရက်(ဆင်ဟွာ) 

COVID-19ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် တစ်နိုင်ငံလုံးတွင် သွားလာမှု ကန့်သတ်ချက်များကို ပိုမို တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကထုတ်လုပ်မှုလုပ်ငန်းများ၏ ဝန်ထမ်းများမဟုတ်ပါက အိမ်မှာနေထိုင်ကြရမည်ဖြစ်ကြောင်း စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchezက မတ် ၂၈ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံ ဝန်ကြီးများ အထူးအစည်းအဝေးကျင်းပမည့် မတ် ၂၉ ရက်တွင်  ပိုမိုတင်းကြပ်သည့် သွားလာမှုကန့်သတ်ချက်များကို အတည်ပြုသွားမည်ဖြစ်ကြောင်း ၊ မတ် ၃၀ ရက် မှ ဧပြီ ၉ ရက်အတွင်း  အဓိကထုတ်လုပ်မှုလုပ်ငန်းများ၏ ဝန်ထမ်းများမဟုတ်ပါက အပြင်မထွက်ဘဲ အိမ်တွင်းနေကြရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက်သူလျော့နည်းလာအောင် ဆေးကုသမှုဆိုင်ရာ ကျန်းမာရေးစနစ်တစ်ခုလုံး မယိုယွင်း စေအောင် ဤကဲ့သို့ထိန်းချုပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း Pedro Sanchezက ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။ 

 သွားလာမှုကန့်သတ်ချက် အသစ်တွင် မဖြစ်မနေ လည်ပတ်လုပ်ဆောင်ရမည့် အဓိကထုတ်လုပ်မှုလုပ်ငန်းများတွင် လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း၊ နေ့စဉ်အသုံးအဆောင်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာနှင့် ကုန်ပစ္စည်းပို့ဆောင်မှုလုပ်ငန်းစသည်တို့ ပါဝင်ကြောင်း စပိန် El País သတင်းတွင် ဖော်ပြထားသည်။ 

မတ် ၁၄ ရက်မှစ၍ စပိန်တွင် တစ်နိုင်ငံလုံး မြို့ပိတ်ထားခြင်း စနစ်ကို ကျင့်သုံးခဲ့ပြီး အလုပ်လုပ်ကိုင်ခြင်း ၊ ဆေးဝါးကုသခြင်းနှင့် နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူခြင်းစသည့် အထူးအခြေအနေများမှလွဲ၍  အိမ်ပြင်ထွက်သွားလာခွင့်ကို ကန့်သတ်ထားကြောင်း သိရသည်။ စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၂၈ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ စပိန်တွင် COVID-19 ရောဂါအတည်ပြုလူနာ စုစုပေါင်း ၇၂,၂၄၈ ဦးရှိပြီး သေဆုံးသူ ၅,၆၉၀ ဦးရှိကြောင်း သိရသည်။ (Xinhua)