Connect with us

WORLD

အမေရိကန်အနေဖြင့် ကပ်ရောဂါအခြေအနေနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းထုတ်ပြန်သင့်ပြီ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ Capitol လွှတ်တော်အဆောက်အဦအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်မြေပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ပထမဆုံး လူသေဆုံးမှုဟူ၍ သိရှိထားသည့် ရက်စွဲထက် ရက် ၂၀ ကျော် စောလျင်ပြီး San Jose မှ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်၌ COVID-19 ရောဂါဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် သေဆုံးခဲ့ကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Santa Clara မြို့မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့မှု အချိန်ကာလအပိုင်းအခြားသည် မူလက သိရှိထားသည်ထက် ပို၍ စောနေကြောင်း တွေ့ရပေမည်။

အဆိုပါ အမျိုးသမီးကြီး နှင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် သေဆုံးသွားသော အခြား အသက် ၆၉ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးတို့တွင် “ ထူးထူးခြားခြား ခရီးသွားရာဇာဝင်များမရှိကြကြောင်း” အမေရိကန်ကျွမ်းကျင်သူများက ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံတွင် ပြည်သူများအကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် ဇန်နဝါရီလလယ် သို့မဟုတ်  ဇန်နဝါရီလဆန်းပိုင်းလောက်ကတည်းက စတင်ဖြစ်ပေါ်နေခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ သွားလာနေသော ဘတ်စ်ကားတစ်စီးအားတွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီလသည် အမေရိကန်နိုင်ငံ၌ အမျိုးမျိုးသော တုတ်ကွေးရာသီ ဖြစ်ပွားဆဲ ကာလဖြစ်နေသည့်အတွက် ယင်းကာလအတွင်း သေဆုံးသွားသူများကို တုတ်ကွေးရောဂါဖြင့်သေဆုံးသူများအဖြစ် ရေတွက်ခဲ့ကြရာ ယင်းတို့ထဲတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ မည်မျှလောက်ထိ များများစားစား ပါရှိသွားနိုင်သည်ကို ပြောဆိုရန် ခက်ခဲလွန်းလှသည်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာနက ၂၀၁၉-၂၀၂၀ ဆောင်းရာသီကာလအတွင်း တုတ်ကွေးဖြင့် အနည်းဆုံးလူပေါင်း ၂၂ သန်းဖျားနာခဲ့ကြောင်း ၊ ဆေးရုံတင်ကုသရသူ ၂၁၀,၀၀၀ ဦးရှိကြောင်း နှင့် ‌သေဆုံးသူ ၁၂,၀၀၀ ဦးရှိကြောင်း ခန့်မှန်းထားသည်။

သို့သော်လည်း အမှန်တရား သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ထွန်းလင်းလာပေလိမ့်မည်။ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး(CDC) ဌာန ညွှန်ကြားရေးမှူး Robert Redfield က မတ် ၁၁ ရက်တွင် အမေရိကန်ကွန်ဂရက်၌ သွားရောက်ထွက်ဆိုရာ၌ တုတ်ကွေးရောဂါဖြင့်သေဆုံးသွားသော အမေရိကန်လူနာအချို့အား မည်သည့်ရောဂါဖြင့်သေဆုံးကြောင်း ရှင်းရှင်းလင်းလင်းသိနိုင်ရန် အလောင်းအား ခွဲစိတ်စစ်ဆေးခဲ့ရာတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးရခြင်းဖြစ်သည်ကို စမ်းသပ်တွေ့ရှိခဲ့ခြင်း ဝန်ခံပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဘရွတ်ကလင်းဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦးအားဆေးကုသပေးနေစဉ်(ဆင်ဟွာ)

လူမှုအသိုင်းအဝိုင်းကြား ငုပ်လျှိုနေသော ဗိုင်းရပ်စ်ပိုးကြီးသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် ပျံ့နှံ့ခဲ့ပြီး ယခုအခါ ၎င်း၏ အတိမ်အနက်ကို ဖော်ပြရန် ပို၍ ခက်ခဲလာသည်။ အမေရိကန်မြေပေါ်တွင် မည်သည့်အချိန်ကတည်းက ကိုရိုနာဗိုင်းရပ်စ် စတင်တိုက်ခိုက်ခံခဲ့ရပါသနည်း။ ယင်းဗိုင်းရပ်စ်ကြောင့် နိုင်ငံအတွင်း လူပေါင်းမည်မျှ သေဆုံးခဲ့ရပါသနည်း။ COVID-19 ကူးစက်ပျံ့နှံ့မှုတွင် အမေရိကန်၏ ကိန်းဂဏန်းများသည် မည်မျှပွင့်လင်းမြင်သာမှု ရှိပါသနည်း။

အမေရိကန်မြေပေါ်တွင် မည်သည့်အချိန်ကတည်းက ရောဂါပျံ့နှံ့နေကြောင်းကို ရှင်းရှင်းလင်းလင်း မသိသေးသလို ယင်းအတွက်လည်း မေးခွန်းပေါင်းများစွာ စောင့်ဆိုင်းနေဆဲဖြစ်သည်။ ထို့ပြင် အမေရိကန်အစိုးရ၏ ဗိုင်းရပ်စ်ကူးစက်ခံရသူများအပေါ် မည်မျှ စမ်းသပ်စစ်ဆေးနိုင်သည်ဆိုသည့် အချက်အလက်နှင့်ပတ်သက်၍လည်း တိတိကျကျ အတည်ပြုနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်သတင်းသည် ရေပေါ်တွင် ပေါ်နေသည့် ရေခဲတုံးကြီး၏ ထိပ်ပိုင်း အစအနတစ်ခုမျှသာဖြစ်သည်။ ရေမျက်နှာပြင်အောက် နစ်မြုပ်နေသော ရေခဲတုံးကြီး၏ အရွယ်အစားမည်မျှကြီးမားသည်ကို မသိနိုင်သကဲ့သို့ပင် အတည်မပြုနိုင်သေးသော ရောဂါကူးစက်ခံထားရသည့် လူနာအရေအတွက် မည်မျှများပြားနိုင်သည်ကိုလည်း မသိနိုင်ပေ။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က အာဏာပိုင်များအနေဖြင့် ဒီဇင်ဘာလကတည်းက ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသည်ဟု သံသယရှိသူ လူနာတစ်ဦးချင်းစီ၏ ရုပ်အလောင်းများကို ခွဲစိတ်စစ်ဆေးအတည်ပြုမှုများ တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မည်ကဲ့သို့သော ရှာဖွေစစ်ဆေးမှုများကို ထုတ်ပြန်သွားမည်နည်း။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စောင့်ကြည့်နေသည်။

တရုတ်နိုင်ငံ၏ ကပ်ရောဂါဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန် ဟူသော စကားရပ်များ အပါအဝင် အမေရိကန်နိုင်ငံသည် ပုံစံမျိုးစုံဖြင့် တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးကြိုးပမ်းမှုများအပေါ် မကြာသေးမီက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။သို့သော်လည်း အမေရိကန်မြေပေါ်တွင် COVID-19 ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် မည်သည့်အခါကမျှ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့ခြင်းမရှိသည်မှာ အမှန်တရားဖြစ်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် သွေးဖောက်နေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ Lincoln Memorial အနီးတွင် ဖြတ်သန်းသွားလာနေသူများအား ဧပြီ ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဧပြီ ၁၇ ရက်က Stanford သုတေသီများ ထုတ်ဖော်ပြောကြားခဲ့သည့် ဗိုင်းရပ်စ်ခုခံနိုင်စွမ်းအားနှင့်ပတ်သက်သော အစီရင်ခံစာတစ်စောင်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆီလီကွန်ဗယ်လီ၌ COVID-19 ဖြစ်ပွားသော အရေအတွက်အမှန်သည် အစိုးရက တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းထက် အနည်းဆုံး အဆ ၅၀ ပိုများကြောင်း ဆိုထားသည်။

စမ်းသပ်စစ်ဆေးနိုင်မှု အားနည်းခြင်း နှင့် အရည်အသွေးမပြည့်မီခြင်းတို့ကြောင့် ကူးစက်ခံရသူ အရေအတွက်အတိအကျသည် မေးခွန်းတစ်ခုအဖြစ် အမှန်တကယ် အပြည့်အဝ ကျန်ရစ်နေဆဲဖြစ်သည်။ နယူးယောက်ကျန်းမာရေးအာဏာပိုင်များက မကြာသေးမီက ပြောကြားရာတွင် လက်ရှိဖြစ်ပွားနေသော အတည်ပြုလူနာ အရေအတွက် ၁၄၀,၀၀၀ သည် အမှန်တကယ်ဖြစ်ပွားသော အရေအတွက်ထက် များစွာ လျော့နည်းနိုင်ကြောင်း ဆိုသည်။

ရောဂါပြန့်နှံ့မှု စတင်ဖြစ်ပွားသည့် အစောပိုင်းနေ့ရက်များမှာပင် ဆေးဘက်ဆိုင်ရာ အရာရှိများ နှင့် ကျွမ်းကျင်သူများက ကူးစက်မှုအမြောက်အများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။ သို့သော် အမေရိကန်အစိုးရတာဝန်ရှိသူများအနေဖြင့် အလေးအနက်ထားခဲ့ခြင်းမရှိသလို အစပိုင်းတွင် ရောဂါနှင့်ဆော့ကစားမှုပင် ပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံတွင် COVID-19 စတင် ကူးစက်ပျံ့နှံ့မှု ကာလကို ရှင်းရှင်းလင်းလင်းဖော်ထုတ်ခြင်းဖြင့် တုတ်ကွေးရောဂါကြောင့် သေဆုံးရမှုမှ COVID-19 ကြောင့်သေဆုံးရသူများကို ခွဲထုတ်ရန် ကူညီပေးနိုင်မှာဖြစ်သလို သမ္မတ နှင့် အစိုးရအတွက် အခြားသော အလားတူအကျပ်အတည်းများကို ကောင်းစွာ ပြင်ဆင်နိုင်ရန်သင်ခန်းစာများ ပေးစွမ်းနိုင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှု စတင်ဖြစ်ပွားသည့် အချိန်ကာလကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ခြင်းသည် တစ်ကမ္ဘာလုံး၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အလွန်အရေးကြီးနေသည်။ အဘယ်ကြောင့်ဆိုသော ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်များသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုအား တားဆီးရန် ပိုမို တိကျ မှန်ကန်သောသတင်းအချက်အလက်များ ရရှိရန်လိုအပ်နေသလို ယင်းမှာ အနာဂတ်တွင် ဗိုင်းရပ်စ်၏ အလှည့်အပြောင်းနှင့်ပတ်သက်၍ ကြိုတင်တွက်ဆနိုင်လိမ့်မည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသည် လူသားများရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူ့ကျန်းမာရေးအကျပ်အတည်းတစ်ခု ဖြစ်ရုံမျှသာမက ယင်းသည် နောက်ဆုံးအကျပ်အတည်းတစ်ခုလည်း မဟုတ်ဟု အတိအကျ ဆိုရပေလိမ့်မည်။ ကမ္ဘာပေါ်တွင် နိုင်ငံအားလုံးအနေဖြင့် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခု တည်ရှိရပေမည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မထိန်းချုပ်နိုင်ချိန်တွင် မည်သည့်တစ်ဦးတစ်ယောက်ကမျှ ကပ်ရောဂါ ဝင်မလာနိုင်အောင် သူ သို့မဟုတ် သူမ ၏ နေအိမ်တံခါးကို ပိတ်ထား၍ ရနိုင်မည်မဟုတ်ပေ။ 

အမေရိကန်ပြည်သူ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ဆိုင်းနေကြသည့် အမေရိကန်၏ COVID-19 စတင်ဖြစ်ပွားသော အစောပိုင်း နေ့ရက်ကို ထုတ်ဖော်ခြင်းဖြင့် ရှုပ်ထွေးလွန်းလှသည့် ရောဂါ ပဟေဠိကို အဖြေညှိရန် အမေရိကန်က အပြည့်အဝ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ရပေသည်။(Xinhua)