Connect with us

WORLD

အီတလီနိုင်ငံတွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုအသစ် ၅,၀၀၀ ကျော်ရှိ

အီတလီနိုင်ငံ ရောမမြို့ရှိ Via dei Fori Imperiali လမ်းမပေါ်တွင် နှာခေါင်းစည်းတပ်ဆင်ကာ သွားလာနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံတွင် အောက်တိုဘာ ၉ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု  ၅,၃၇၂ ခုဖြင့် မှတ်တမ်းဝင်ခဲ့ကြောင်း အီတလီ ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။

သြဂုတ်လလယ်တွင် ဥရောပတိုက်ရှိ အခြားနိုင်ငံများ၌ ရောဂါကူးစက်မှု မြင့်တက်ခဲ့သော်လည်း အီတလီနိုင်ငံတွင်မူ ကူးစက်မှုနှုန်းမှာ အနည်းငယ်သောရာဂဏန်းတွင်သာ တည်ငြိမ်စွာရှိနေခဲ့သည်။ ကပ်ဘေးကို ထိန်းထားနိုင်သည့်အတွက် အီတလီနိုင်ငံသည် ခေါင်းဆောင်များနှင့်မီဒီယာများ၏ ချီးကျူးခြင်းကိုခံခဲ့ရသည်။

ယခုအခါတွင် အီတလီနိုင်ငံ၏ ရောဂါကူးစက်မှုနှုန်းသည် ပြီးခဲ့သည့် သုံးရက်က နေ့ရက်တိုင်း ၁,၀၀၀ ဝန်းကျင် မြင့်တက်လာခဲ့ရာ အောက်တိုဘာ ၆ ရက်တွင် ၂,၆၇၆ ဦး၊ အောက်တိုဘာ ၇ ရက်တွင် ၃,၆၇၈ ဦး၊ အောက်တိုဘာ ၈ ရက်တွင် ၄,၄၅၈ ဦး အသီးသီးရှိခဲ့သလို အောက်တိုဘာ ၉ ရက်၌လည်း ဆက်လက်မြင့်တက်နေခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ သိရသည်။

အီတလီအစိုးရသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အပြင်ထွက်လျှင် နှာခေါင်းစည်းမတပ်မနေရ၊ အများပြည်သူဆိုင်ရာနေရာများအတွင်း မဝင်ရောက်မီ မဖြစ်မနေ ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်း အပါအဝင် ကျန်းမာရေး တာဝန်ရှိသူများ ၏အကြံပြုချက်များ ကိုအခြေခံထားသော ကျန်းမာရေးစည်းကမ်းချက်များကို စတင်တင်းကျပ်ခဲ့သည်။ အများပြည်သူဆိုင်သည့်  စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်ရာတွင် လာရောက်သူဖောက်သည်များအတွက် ပိုးသတ်ဆေးဂျယ်လ်များ ထားရှိပေးရန် လိုအပ်မည်ဖြစ်သည်။

အီတလီအစိုးရသည် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကို နောက်နှစ်အထိ ထပ်မံတိုးချဲ့ထားပြီး အစုလိုက်ကူးစက်ခံရမှုဖြစ်ပွားသည့် ဒေသများ သို့မဟုတ် မြို့များကို ပိတ်ထားကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်က ထုတ်ဝေခဲ့သော အီတလီသတင်းများတွင်လည်း အစိုးရက နောက်တစ်ဆင့်အဖြစ် ဘားများနှင့် အားကစားခန်းမများကို ပိတ်ပင်နိုင်ကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။

သို့သော်လည်း ပြီးခဲ့သည့်လက စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သော စာသင်ကျောင်းများကိုမူ အချိန်တစ်ခုအထိ ဆက်လက်ဖွင့်ထားဖွယ်ရှိသည်။ အီတလီနိုင်ငံ ဝန်ကြီးချုပ် Giuseppe Conte နှင့် ကျန်းမာရေးဝန်ကြီး Roberto Speranza တို့နှစ်ဦးစလုံး က မတ်လအစောပိုင်းတွင် သတ်မှတ်ခဲ့ပြီး မေလမှစတင်ကာ ဖြည်းဖြည်းချင်းလျှော့ချခဲ့သည့် နိုင်ငံအဆင့်ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်း (lockdown) ဆောင်ရွက်မှုကို ရှောင်ရှားနိုင်ရန် ဖြစ်နိုင်သည့်အရာတိုင်းကိုလုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်။

ယခုအထိ ကူးစက်မှုလှိုင်းသစ်ဖြစ်ပွားမှုအတွင်း အီတလီနိုင်ငံ၌ အများဆုံး အန္တရာယ်ရှိရာနေရာမှာ မတ်လနှင့် ဧပြီလတုန်းက ကပ်ရောဂါပထမလှိုင်း ဆိုးဆိုးရွားရွားခံစားခဲ့ရသည့် မီလန်မြို့တွင်းနှင့်အနီးဝန်းကျင်ဒေသနှင့် နိုင်ငံတောင်ပိုင်း Naples ဆိပ်ကမ်းမြို့အနီး၌ ဖြစ်သည်။
အောက်တိုဘာ ၉ ရက်က အထူးကြပ်မတ်ကုသဆောင်တွင် လူနာ ၃၈၇ ဦးရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်က ၂၄၆ ဦးရှိခဲ့ကြောင်း သိရသည်။  (Xinhua)