Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် စီးပွားရေးနှိုးဆွမှုအစီအစဉ်များဆောင်ရွက်ကာ တစ်နိုင်ငံလုံးပိတ်ဆို့မှုကာလကို ထပ်တိုးမည်ဟု ဆို 

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက မေ ၁၂ ရက် ညပိုင်းတွင် ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားနေသည်ကို လူငယ်တစ်ဦးက လက်ကိုင်ဖုန်းဖြင့် ကြည့်ရှုနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ မေ ၁၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ရူပီ ၂၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၆၇ ဘီလီယံ ခန့်) တန်ဖိုးရှိ စီးပွားရေးနှိုးဆွမှုအစီအစဉ်များကို ဆောင်ရွက်မည့် တစ်ချိန်တည်းမှာပင် တစ်နိုင်ငံလုံး ကန့်သတ်ပိတ်ဆို့မှုကာလကို ထပ်တိုးသွားမည်ဖြစ်ကြောင်း  အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက မေ ၁၂ ရက် ညပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံ ဗဟို အစိုးရအနေဖြင့် စုစုပေါင်း ရူပီ ၂၀ ထရီလီယံ တန်ဖိုးရှိ စီးပွားရေးနှိုးဆွမှု အစီအစဉ် များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပုံအသေးစိတ်နည်းလမ်းများကို ဘဏ္ဍရေးဝန်ကြီးဌာနက ထုတ်ပြန်တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိုဒီက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် အသေးစား၊အလတ်စားလုပ်ငန်းလည်ပတ်နေမှုအား မေ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုမတိုင်မီ မတ် ၂၆ ရက်က ထုတ်ပြန်ချက်များအရ ရူပီ၁ .၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံခန့်)ရှိ စီးပွားရေးကူညီကယ်ဆယ်မှုအစီအစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ယခု ဝန်ကြီးချုပ်မိုဒီ ထုတ်ပြန်သော ၂၀ ထရီလီယံတွင် ထိုမတိုင်မီက ဆောင်ရွက်လျက်ရှိသော ရူပီ ၁ .၇ ထရီလီယံပါဝင်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် အသေးစား၊အလတ်စားလုပ်ငန်းလည်ပတ်နေမှုအား မေ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကပ်ရောဂါပြန့်ပွားနေမှုကို ကာကွယ်တားဆီးရန် အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ရက်ပေါင်း ၅၀ နီးပါး ပိတ်ဆို့မှုများပြုလုပ်ခဲ့ရာ စီးပွားရေးဂရက်လှိုင်းကြီး ရိုက်ခတ်ခံနေရကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများက အိန္ဒိယနိုင်ငံ ယခုဘဏ္ဍာနှစ်၏ စီးပွားရေးတိုးတက်မှုသည် သုညအထိကျဆင်းသွားမည်ဟု ကြိုတင်ခန့်မှန်းထားကြောင်း သိရသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာအရ ပိတ်ဆို့မှုကာလအား ထပ်တိုးမည်ဖြစ်ပြီး အသေးစိတ်အခြေအနေကို မေ ၁၈ ရက်မတိုင်မီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မိုဒီက ဆိုသည်။အိန္ဒိယနိုင်ငံတွင် မတ် ၂၅ ရက်ကစ၍ တစ်နိုင်ငံလုံးပိတ်ဆို့မှုများစတင်ကျင့်သုံးခဲ့ရာ ယင်းကာလအား ၂ ကြိမ် ထပ်တိုးပြီးဖြစ်ကြောင်း နှင့် လက်ရှိ ပိတ်ဆို့မှုကာလသည် မေ ၁၇ ရက်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.