Agriculture
တစ်နှစ်အတွင်း သမဝါယမ လုပ်ငန်းများ ရေရှည် တိုးတက်ရေးဆောင်ရွက်ခဲ့

နေပြည်တော်၊ မေ ၅ ရက် (ဆင်ဟွာ)
သမဝါယမ ဦးစီးဌာနသည် အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း လယ်ထွန်စက် အစီး သုံးထောင်ကျော်ကို တောင်သူများအား အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဖြူက မီဒီယာသို့ယနေ့ ဖြေကြားခဲ့သည်။
“ပြီးခဲ့တဲ့ တစ်နှစ်တာ အတွင်းမှာ သမဝါယမဦးစီးဌာနအနေနဲ့တောင်သူတွေကို လယ်ထွန်စက် အစီး သုံးထောင်ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၁၁ ဘီလီယံ ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့ပါတယ်၊ သီးနှံ အထွက်တိုး စိုက်ပျိုးနိုင်ဖို့၊ လယ်ယာလုပ်သား ရှားပါးမှုကို ဖြေရှင်းဖို့နဲ့ စက်မှု လယ်ယာကို ကူးပြောင်းနိုင်ဖို့ အတွက် ဒါဟာ တိုးတက် ကောင်းမွန်လာတဲ့ အနေအထား ဖြစ်ပါတယ်” ဟု နေပြည်တော် မန်းမြန်မာဟိုတယ်တွင် မေလ ၂ ရက် မှ ၅ ရက်အထိ ပြုလုပ်သော မြန်မာ နိုင်ငံ၏ သမဝါယမ အသင်းများ ရေရှည် ဖွံ့ဖြိုး တိုးတက် ခိုင်မာရေး စွမ်းဆောင်ရည် မြှင့် သင်တန်း၊ သင်တန်း ဆင်းပွဲနေ့၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တစ်နိုင်ငံလုံးမှာ သမဝါယမ အသင်း လေးသောင်းကျော်ရှိပြီး အသင်းသား ၄ ဒသမ ၁ သန်း ရှိပါတယ်၊ အသင်းသား တောင်သူတွေကို ငွေချေးပေးရာမှာ မနှစ်က လယ်ဧက ၃၅,၀၀၀ ကျော်အတွက် ချေးပေးနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ တောင်သူတွေက လယ်ဧက ၂၉,၀၀၀ ကျော် စာရင်းပေးထားပါတယ်၊ တောင်သူ ငွေတစ်ခါ ချေးရင် ချေးငွေရဲ့ ၁၀ ရာခိုင်နှုန်းကို သူ့အတွက် စုဆောင်းပေးထားပါတယ်၊ တစ်နှစ်မှာ နှစ်ကြိမ်ချေးရင် ၂၀ ရာခိုင်နှုန်း စုပြီးသား ဖြစ်ပါတယ်၊ ဒီလိုနဲ့တောင်သူတွေဟာ တစ်ချိန်မှာ ငွေချေးစရာ မလိုတော့ဘဲ ကိုယ့် စုဆောင်းငွေနဲ့ကိုယ် လည်ပတ်နိုင်အောင်လို့ပါ။ အခုဆိုရင် အသင်းသားတွေ စုဆောင်းငွေက ကျပ် ၁၅၅ ဘီလီယံကျော် ရှိနေပါပြီ” ဟုလည်း ဦးအောင်ဖြူက ရှင်းပြခဲ့သည်။
သမဝါယမ လုပ်ငန်းများအား ရေရှည် ဖွံ့ဖြိုး တိုးတက်သော စီးပွားရေး လုပ်ငန်း ပုံစံ ဖြစ်လာ စေရန်၊ သမဝါယမ စီမံ အုပ်ချုပ်မှု စနစ်ကောင်း များ ပေါ်ပေါက်လာစေရန်၊ နိုင်ငံတကာ သမဝါယမ လှုပ်ရှားမှုများကို လေ့လာပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် သမဝါယမ စနစ်များ ချမှတ် အကောင်အထည် ဖော်နိုင်စေရန်၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် စာရင်း ဇယားဆိုင်ရာများ နားလည် တတ်ကျွမ်းရန်၊ အသင်းအဖွဲ့ဆိုင်ရာ မူဝါဒများ ချမှတ် အကောင်အထည် ဖော်နိုင်စေရန် အတွက် “မြန်မာ နိုင်ငံ၏ သမဝါယမ အသင်းများ ရေရှည် ဖွံ့ဖြိုး တိုးတက် ခိုင်မာရေး စွမ်းဆောင်ရည်မြှင့် သင်တန်း” ကို နိုင်ငံတကာမှ ပညာရှင်များဖြင့် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
သမဝါယမ ဦးစီးဌာနက ဦးဆောင်ပြီး UNCDF( UN Cooperation Development Fund) နှင့် ACCU (Asian Confederation of Credit Union) တို့၏ ငွေကြေးနှင့် နည်းပညာ ပံ့ပိုးမှု တို့ဖြင့် လေးရက်တာ ဖွင့်လှစ် သင်ကြားသော အဆိုပါ သင်တန်းသို့ အဆင့်မြင့် အရာရှိ နှစ်ဦး အပါအဝင် အရာထမ်း ၃၅ ဦးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုရီးယား သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှဒေသ ငွေကြေး အဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် “၂၀၁၆ အာရှ ငွေကြေး အဖွဲ့ချုပ် (ACCU Forum)” ဆွေးနွေးပွဲပြီးနောက် ACCU က ဦးဆောင်ကာ “National Seminar Financial Inclusion in Myanmar” ဆွေးနွေး ပွဲ ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၀ နှင့် ၁၁ ရက်နေ့တို့တွင် ပဲခူးမြို့၌ ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံရှိ ငွေစုငွေချေး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုလျက်ရှိကြောင်း၊ ပညာပေးရေး လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ သမဝါယမ ဦးစီးဌာနမှ အရာထမ်းများကို ယခုကဲ့သို့ သင်တန်းများ ပို့ချပေးခြင်း နည်းတူ နောင်တွင်လည်း သမဝါယမ အသင်း အဆင့်ဆင့်ကို ပညာပေး သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ကူညီပေးကြပါရန် ACCU နှင့် မိတ်ဖက် အဖွဲ့အစည်း များကို တိုက်တွန်း မှာကြားလိုပါကြောင်း အဆိုပါ သင်တန်းဖွင့်ပွဲနေ့တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားခဲ့သည် (Xinhua)