Connect with us

Myanmar

COVID-19 ထိန်းချုပ်မှု အားကောင်းလာပြီ ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်၊ ဖွင့်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၁ ရက်တွင် မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

COVID-19 ထိန်းချုပ်မှု အားကောင်းလာပြီ ဖြစ်သည့်အတွက်ကြောင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်၊ ဖွင့်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ မြို့နယ်များအနေနဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်မှု ကို ယခုထက်ပိုမိုပြီးတော့မှ တင်းတင်းကြပ်ကြပ် အလေးထား ဆောင်ရွက်သွားမယ် ဆိုလို့ရှိရင် နယ်စပ်ကုန်သွယ်ရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာဖြစ်ကြောင်း ကျွန်တော်ပြောလိုပါ တယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အခြေအနေနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၉၅၈၅ ဒသမ ၁၄၉ ရှိခဲ့ကြောင်း ၊ ယင်းတွင် ပင်လယ် ရေကြောင်းက ကုန်သွယ်မှု ပမာဏ ၁၉၈၃၂.၁၃၁ သန်း ၊ နယ်စပ်ကုန်သွယ်မှုပမာဏ ၉၇၅၃ ဒသမ ၀၈၁ သန်း ဖြစ်ကြောင်း ၊ ပို့ကုန်နှင့် သွင်းကုန်တွင် ပို့ကုန်က ၁၄၉၂၇ ဒသမ ၀၆၅ သန်း ဖြစ်ပြီး သွင်းကုန်မှာ ၁၄၆၅၈.၀၈၄ သန်း ဖြစ်သည့်အတွက်ကြောင့် ကုန်သွယ်မှု ပိုငွေ ၂၆၈ ဒသမ ၉၈ သန်း ဖြစ်ကြောင်း ၊ ကာလတူတွင် ကုန်သွယ်မှုအနေဖြင့် လိုငွေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၃၈ ဒသမ ၇၄၉ သန်း ဖြစ်ကြောင်း ၊ ထိုကြောင့် ယခုနှစ်တွင် ကုန်သွယ်မှုနှင့်ပတ်သက်ပြီး အခြေအနေ ကောင်းသည်ဟု ပြောနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

COVID-19 ကာကွယ်ဆေး ထိုးနှံပြီးစီးသည့်အပေါ် “ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၁၃ ဒသမ ၃ သန်း၊ ပထမအကြိမ်ထိုးတာရော ဒုတိယ အကြိမ်ထိုးတာရော နှစ်ကြိမ်ထိုးတာရောပါဝင်ပါတယ်။ ဦးတည်ထားတာက ၄၅ နှစ် အထက်ဦးတည်ထိုးတာဆိုတော့ ၄၅ နှစ်အထက် လူဦးရေ၏ ၃၅ ရာခိုင်နှုန်းကျော် ထိုးပြီးဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

COVID-19 ရောဂါနှင့်ပတ်သက်ပြီး ဖြစ်ပွားမှုရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးဖြင့် ကြည့်မည်ဆိုပါက ၅ ရာခိုင်နှုန်း အောက်ကျနေပြီဖြစ်ကြောင်း ၊ အဓိကဖြစ်ပွား မှုနှုန်းများသည့် အဓိကမြို့နယ် ၁၅ မြို့နယ်ကို ဖယ်လိုက်ပါက တကယ်ဖြစ် ပွားသည့် ရာခိုင်နှုန်းသည် ၃ ရာခိုင်နှုန်း ပတ်ဝန်းကျင်သာ ရှိသည်ကို တွေ့ရကြောင်း ၊ ကိုဗစ်ရောဂါထိန်း ချုပ်ရေးနှင့်ပတ်သက်ပြီး လုပ်နိုင်သည့် ပမာဏ အတွင်း လုပ်ပြီးပြီဖြစ်သည့်အတွက်ကြောင့် ရပ်ထားခဲ့ရသည့် ယန္တရားမျိုးစုံကို ပြန်လည်လည်ပတ်ရန်အတွက် ဆောင်ရွက်ပေးခြင်းများ ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)