Connect with us

Education & Health

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ဝက်အားနည်းရောဂါကြောင့် ၄ လအတွင်း ဝက် ၁၈၇ ကောင်သေဆုံးမှုဖြစ်ပွား 

ချင်းပြည်နယ်၊ ထန်တလန်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) 

ချင်းပြည်နယ် ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှ မေ ၂၉ ရက် ညနေအထိ Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါကြောင့် ဝက် ၁၈၇ ကောင် သေဆုံးမှုဖြစ်ပွား ခဲ့ပြီး တစ်ပတ်အတွင်း ထပ်မံရောဂါကူးစက်ခံရသည့် ဝက်ကောင်ရေ ၁၃ ကောင်ရှိကြောင်း၊ ထန်တလန် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးလျန်ဘွေးက ဆင်ဟွာကို မေ ၃၀ ရက်တွင်ပြောသည်။

ဦးလျန်ဘွေးက “၂ လပိုင်းလောက်မှာ ဝက်တွေစာရင်း ကောက်ရင်း သိလာရတာဖြစ်တယ်။ဒီရောဂါက  ဝက်တုပ်ကွေး နဲ့ တော့ မတူဘူး။ အရင် က ထန်တလန်မှာ မဖြစ်ဖူးဘူး။ တစ်ချို့ တိုင်းဒေသကြီး တွေမှာ တော့ တခါတလေ ဖြစ်တာတွေ့ရတတ်တယ်။ ဝက်တွေက  ရောဂါကူးစက်ခံရပြီး ၂ ရက် ၃ ရက် အတွင်းမှာ သေဆုံးတာပါ။ ကျွန်တော်တို့ ဖေဖော်ဝါရီမှာ ဝက်သေတာ တွေစဖြစ်တော့ ကျန်းမာရေးမကောင်းတဲ့ အိမ်မွေးဝက်သုံးကောင်ရဲ့  သွေးနမူနာများ ရယူပြီး မန္တလေး တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့တဲ့အခါ ဝက်အားနည်းရောဂါဖြစ်တယ် ဆိုတာ သိရပါတယ်’’ ဟုပြောသည်။ 

အဆိုပါ Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါ သည် ဝက်မှ ဝက်သို့ ကူးစက်နိုင်ကြောင်း၊ လူသို့ မကူးစက်နိုင်ကြောင်း ဆိုသည်။ဝက်အားနည်းရောဂါသည် အိမ်မွေးဝက်နှင့်တောဝက်များတွင်အဖြစ်များပြီး ရောဂါလက္ခဏာအနေဖြင့် အစာမစား ခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ အပြာကွက်များထခြင်း၊ ရောဂါပြင်းထန်ပြီး အခြားရောဂါများဝင်ရောက်၍ သေဆုံးခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက် သေဆုံးခြင်း စသည့်ရောဂါလက္ခဏာများတွေ့ရကြောင်း သိရသည်။

ဦးလျန်ဘွေးက “ကျွန်တော်တို့ အနေနဲ့ ရောဂါထိန်းချုပ်ဖို့အတွက် ဝက်ခြံတွေ မှာ ပိုးသတ်ဆေးတွေ လိုက်ဖျန်းပေးပါတယ်။  ပိုးသတ်ဆေးဖျန်းတဲ့အခါ လည်း တစ်နေ့ ၂ ခြံလောက် ဖျန်းပေးနေပါတယ်။ ဝက်မွေးသူတွေအနေနဲ့ လည်းဌာန နဲ့ ပူးပေါင်းစေချင်ပါတယ်။ ထန်တလန်မြို့နယ်မှာ ဝက်အကောင်ရေ ၁၉၂၅ ရှိပါတယ်။ ရောဂါထိန်းချုပ်ရေးတွေ ကို ဂရုတစိုက်ဆောင်ရွက်နေလို့ ထပ်မံ ကူးစက်ခံရမှု နည်းသွားပါပြီ။’’ ဟုဖြည့်စွက်ပြောကြားသည်။

အဆိုပါ ဝက်အားနည်းရောဂါ အားကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မွေးမြူ ရေးတိရစ္ဆာန်များကို လုံခြုံသောခြံဝင်းဖြင့် သီးခြားထားရှိခြင်း၊ ခြံအတွင်းသို့ လူ၊ ယာဉ်၊ ပစ္စည်းအဝင်၊ အထွက်ထိန်းချုပ်ခြင်း၊ ဝက်ခြံသန့်ရှင်းမှုရှိအောင် ဆောင်ရွက်ခြင်း များလုပ်ရန် ပညာပေးအစီအစဉ်များဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဝက်မွေးမြူရေးခြံများတွင် ပိုးသတ်ဆေး ဖျန်းပေးခြင်းအပြင် ဝက်အားနည်းရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.