Connect with us

Education & Health

ဆယ်တန်းအောင်စာရင်းများကို COVID-19 ရောဂါအခြေအနေအရ လိုအပ်ပါက ဝက်ဘ်ဆိုဒ်မှ ထုတ်လွှင့်မည်

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း လာရောက်ကြည့်ရှု့သူများအားတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ဇွန် ၁၂ ရက် (ဆင်ဟွာ)

၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းအား အမြန်ဆုံး ထုတ်ပြန်နိုင်ဖို့ စီစဉ်နေကြောင်း၊ သြဂုတ်လ နောက်ပိုင်းတွင် ဖြစ်နိုင်ကြောင်းနှင့် အောင်စာရင်း မထုတ်ပြန်ခင် ထုတ်ပြန်မည့်နေ့ကို သတင်းဌာနများသို့ကြိုတင်အသိပေးမည်ဖြစ်ကြောင်း၊ ထုတ်ပြန်သည့် အချိန်တွင် COVID-19 အခြေ အနေအရ social distancing လိုအပ်နေဆဲ ဖြစ်ပါက ဝက်ဘ်ဆိုဒ်တစ်မျိုးတည်းမှာသာ ထုတ်ပြန် မည်ဖြစ်ကြောင်းနှင့် social distancing မလိုအပ်သည့် အခြေအနေဖြစ်လျှင် ယခင်နှစ်များ ကဲ့သို့ ပုံမှန်အတိုင်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ဦးဆောင်သည့် သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ညနေပိုင်း ပြောကြားခဲ့သည်။

နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ ညနေပိုင်း ပြုလုပ်သော အစိုးရ၏ စတုတ္ထ တစ်နှစ် တာ လုပ်ဆောင်ချက်များ တင်ပြခြင်း သတင်းစာ ရှင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်ပြီး အခြေခံပညာ ကျောင်းများ ပြန်ဖွင့်ရာ၌ ပုံမှန် ဖွင့်လှစ်နိုင်မည့်ကျောင်း၊ တစ်ပတ်ခြား တက်နိုင်မည့် ကျောင်း၊ တစ်ပတ် ခြား၍ ကျောင်းချိန် နှစ်သုတ် (two shifts) ဖွင့်လှစ်နိုင်မည့်ကျောင်း၊ တစ်ပတ်ခြား၍ ကျောင်းချိန် နှစ်သုတ် တက်ပြီး သုံးရက်တက် ဖွင့်လှစ်နိုင်မည့် ကျောင်းနှင့် ဖွင့်လှစ်ရန် အခက်အခဲ ရှိသည့် ကျောင်း ဟူ၍ အမျိုးအစား ငါးမျိုး ရှိနိုင်ကြောင်း လည်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်း ကြီးက ရှင်းပြသည်။

“တစ်နိုင်ငံလုံးမှာ ပုံမှန်ဖွင့်နိုင်တဲ့ ကျောင်းပေါင်း ၂၇၀၀၀ လောက်ပဲ ရှိပြီး အထက်တန်း ကျောင်းက ကျောင်းက ၆၂၇ ရှိပါတယ်၊ တစ်ပတ်ခြား ဖွင့်ရမယ့် ကျောင်းက ၁၄၀၉၆ ကျောင်း ရှိပြီး အထက်တန်း ကျောင်းက ၂၄၇၁ ရှိပါတယ်၊ တစ်ပတ်ခြား နှစ်သုတ် တက်တဲ့ ကျောင်းက ၅၁၂၇ ရှိပြီး အထက်တန်း ကျောင်းက ၂၄၀၁ ကျောင်းပါ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြားသပတေး၊သောကြာ၊ စနေ) ကျောင်းက ၂၉၃ ကျောင်းရှိပြီး အထက်တန်းကျောင်းက ၁၄၄ ကျောင်းရှိပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

ကျောင်းသား တစ်ဦးနှင့် တစ်ဦး ခြောက်ပေစီ ခြားရမည်ဖြစ်၍ စာသင်ခန်း အကျယ်ကို ကျောင်းသား တစ်ဦး အတွက် နေရာ ဖြစ်သည့် ၃၆ စတုရန်းပေဖြင့် စားလျှင် ပေ ၃၀ x ၂၄ ပေအခန်း၌ ကျောင်းသား ၂၀ ဦးသာ ဝင်ဆံ့သောကြောင့် ယခုကဲ့သို့ ကျောင်းများ၏ အကျယ်အဝန်းကို မူတည်ပြီး အမျိုးအစား ခွဲခြားဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

“ကလေးတွေ ပညာသင်ယူခွင့် မဆုံးရှုံးရေးအတွက် ကျောင်းတွေဖွင့်ရတာပါ၊ ကျောင်းဖွင့်တဲ့ ဒေသ တွေမှာ COVid-19 ရောဂါ ဖြစ်တယ်ဆိုရင် ကတော့ ချက်ချင်း ယာယီ ပိတ်ရမှာ ဖြစ်ပါတယ်၊ ပြီးရင် တော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ပြန်ဖွင့်လို့ပြောမှ ဖွင့်လို့ ရမှာ ဖြစ်ပါတယ်၊ ဒါတွေကို ဆောင်ရွက်တဲ့အခါမှာ ကျောင်းတွေက အချိန်မီ သတင်းထုတ်ပြန် ပေးဖို့ လိုတယ်၊ မိဘတွေ ဆရာ တွေ ကလည်း ပူးပေါင်း ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်၊ သတင်းမီဒီယာတွေရဲ့ အခန်း ကဏ္ဍကလည်း လိုပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ကျောင်းမဖွင့်မီ၌ ဆရာ ဆရာမများအား ကျန်းမာရေး သင်တန်းများ ပို့ ချပေးခြင်း၊ ကျန်းမာရေး အသိပညာ ဆိုင်ရာ စုပေါင်း ဆွေးနွေးမှုများ ဆောင်ရွက်စေခြင်း၊ ကျောင်းသူကျောင်းသားများ COVID-19 ရောဂါ ခုခံနိုင်ရန် ကိုယ်ခံအား ပြည့်ဝရေး အတွက် ကျောင်းများတွင် အာဟာရ ဖြည့်တင်းပေးခြင်း၊ စသည့်တို့အတွက် နိုင်ငံတော်က စီစဉ် လျက်ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.