Connect with us

Education & Health

မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း ဆေးရုံ၌ သေဆုံးမှုများ အားလုံး၏ ၆၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့်ဟုဆို

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆေးကုသဆောင်အား ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ် (Yangon General Hospital)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း၌ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုများ မြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံတွင်၂၀၁၉ ခုနှစ်အတွင်း ဆေးရုံ၌ သေဆုံးမှုများ အားလုံး၏ ၆၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး (၂၀၂၀) (World Health Summit 2020) ၌ မကူးစက်နိုင်သော ရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ရေရှည်တည်တံ့ လက်လှမ်းမီရရှိရေး ဆွေးနွေးပွဲကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်းပြောကြားခဲ့သည်။

မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အထူးအားထည့်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ပြင်ဆင်အားထုတ် ဆောင်ရွက်ခြင်းမရှိပါက နောင် (၅) နှစ်မှ (၁၀) နှစ်တာကာလအတွင်း ထိန်းချုပ်ရန် ခက်ခဲသည့် ပြည်သူ့ကျန်းမာရေးပြဿနာကြီး ဖြစ်လာကာ ၎င်းရောဂါသည်များကို ကုသရန်အတွက် ကျန်းမာရေးအသုံးစရိတ်များ၏ ရာခိုင်နှုန်းအများစုကို အသုံးပြုရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆေးရုံများတွင် မကူးစက်နိုင်သော ရောဂါဖြစ်ပွားသူများ ယခုထက်ပိုမို ပြည့်ကြပ်လာမည်ဖြစ်၍ ကုသမှု အရည်အသွေးလည်း ကျဆင်းလာနိုင်ကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ (၂၀၁၈) ခုနှစ် စာရင်းဇယားများအရ မကူးစက်နိုင်သော ရောဂါများကြောင့် အချိန်မတိုင်မီသေဆုံးနိုင်ချေ (၂၄) ရာခိုင်နှုန်း ပိုမိုရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် (၂၀၁၈)ခုနှစ်၌ မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးမှုများ၏ (၂၅) ရာခိုင်နှုန်းမှာ နှလုံးနှင့် သွေးကြောရောဂါများကြောင့်ဖြစ်ပြီး၊ (၁၃) ရာခိုင်နှုန်းမှာ ကင်ဆာရောဂါများကြောင့် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မကူးစက်နိုင်သော ရောဂါ ဖြစ်ပွားသူ တစ်ဦးချင်းတွင်လည်း ဘဝရှင်သန်နေထိုင်မှု အရည်အသွေး (quality of life) ကျဆင်းခြင်းနှင့် ရောဂါဖြစ်ပွားသူ၏ မိသားစုများတွင် ငွေကြေးကုန်ကျမှုများပြားခြင်း အပါအဝင် စိတ်ဖိစီးမှုများနှင့် လူမှု-စီးပွားပြဿနာများကို ခံစားဖြစ်ပွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံ၌ ကျေးလက်ကျန်းမာရေးဌာန (၁,၇၁၅) ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၇,၃၁၇) ခု တို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးခန်းများကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ကုသပေး လျက်ရှိရာ (၂၀၁၉) ခုနှစ်အတွင်း အဆိုပါဆေးခန်းများသို့ လာရောက်ပြသသူ (၁ဒသမ၇) သန်းကို စစ်ဆေးခဲ့ရာ၌ ဆီးချိုရောဂါဖြစ်ပွားသူပေါင်း (၂၀၆,၀၀) နှင့် သွေးတိုးရောဂါဖြစ်ပွားသူ (၄၂၉,၀၀၀) ကို တွေ့ရှိ ကုသမှုပေးနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ ကာကွယ် ထိန်းချုပ် ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၇-၂၀၂၁) ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပိုမိုထိရောက် ကောင်းမွန်စေရေးအတွက် ရေးဆွဲထားသော “စရိတ်ထည့်သွင်းတွက်ချက်ထားသော မကူးစက်နိုင်သော ရောဂါ ကာကွယ် ထိန်းချုပ်ရေး စီမံကိန်း (၂၀၂၁-၂၀၂၀) (Costed Plan for NCD prevention and control 2021-2020)” ကို ယခု ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့ကြောင်း၊ အဆိုပါစီမံကိန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် The Defeat-NCD partnership တို့ ပူးပေါင်းကာ ယခုနှစ် မတ်လတွင်စတင်ရေးဆွဲခဲ့ပြီး စက်တင်ဘာလတွင် အပြီးသတ် ရေးဆွဲ နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းကို မကူးစက်နိုင်သော ရောဂါများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အတွက် လိုအပ်မည့် အရင်းအမြစ်များကို ကြိုတင်မျှော်မှန်း ဆန်းစစ်ရန်၊ ပြည်သူလူထုအား ဆီးချို၊ သွေးတိုး စစ်ဆေးကုသမှုပေးခြင်း လွှမ်းခြုံမှုအခြေအနေကို တိုးမြှင့်ရန် အတွက် လုပ်ဆောင်မည့် လုပ်ငန်းပုံစံနှင့် သုံးစွဲရမည့် အရင်းအမြစ်များ မျှော်မှန်းတွက်ချက်ရန် နှင့် မကူးစက်နိုင်သော ရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘဏ္ဍာငွေများ ရေရှည်တည်တံ့ရေး လမ်းပြမြေပုံရေးဆွဲချမှတ်ရေးတို့အတွက် ရည်ရွယ်ကာ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ (၂၀၂၁) နှင့် (၂၀၂၂) ခုနှစ် (၂) နှစ်စီမံကိန်း ကာလအတွင်းတွင် လူ (၂) သန်းအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်ခြင်းနှင့် စစ်ဆေးခြင်း တို့အတွက် အမေရိကန်ဒေါ်လာ (၁၀၁) သန်းခန့် ကုန်ကျမည်ဟု မျှော်မှန်းတွက်ချက်ထားပြီး နိုင်ငံတကာ အဖွဲ့ အစည်းများမှ ထောက်ပံ့ကူညီမှု အမေရိကန်ဒေါ်လာ (၂၅) သန်းခန့် ရရှိမည်ဟု မျှော်မှန်းထားကြောင်း၊ ဤစီမံကိန်းတွင် မကူးစက်နိုင်သော ရောဂါများ စစ်ဆေးကုသခြင်းဆိုင်ရာ လုပ်ငန်း (၄၈) ခု ပါဝင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ယင်း စီမံကိန်းတွင် အဓိကထားဆောင်ရွက်မည့် လုပ်ငန်းများမှာ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သုံးစွဲမှု လျှော့ချခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ စားသုံးမှုများကို အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲရေးဆောင်ရွက် ခြင်းနှင့် ကိုယ်လက် လှုပ်ရှားအားကစားလေ့ကျင့်မှုများအတွက် ရင်းနှီးမြုပ်နှံခြင်း၊ နှလုံးနှင့်သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ တို့ကို စစ်ဆေးကုသမှုပေးခြင်း စသည့် လုပ်ငန်းများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စီမံကိန်းအကျိုးအမြတ်များအဖြစ် မိမိကိုယ်တိုင်ကျခံသုံးစွဲရသည့် ကျန်းမာရေးအသုံးစရိတ်သည် (၈၂) ရာခိုင်နှုန်းမှ (၆၃) ရာခိုင်နှုန်းအထိ လျော့ကျလာနိုင်ခြင်း၊ ရည်မှန်းလူဦးရေ (၂) သန်းအတွက် မကူးစက် နိုင်သောရောဂါများဆိုင်ရာ အရည်အသွေးပြည့်ဝသည့် စစ်ဆေးမှုများရရှိနိုင်ခြင်း၊ ကြိုတင် ကာကွယ်မှုဖြင့် မကူးစက်တတ်သော ရောဂါများကိုလျှော့ချနိုင်ကာ ၎င်းရောဂါများအတွက် ကျန်းမာရေး အသုံးစရိတ်များ သက်သာလျော့ပါးလာခြင်း၊ ပြည်သူများ၏ နေထိုင်မှုအရည်အသွေးမြင့်မားလာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုများ မြင့်တက်လာခြင်း၊ လူတိုင်း လက်လှမ်း မီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage)၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs)နှင့် ပြည်သူများ နေထိုင်ကောင်းပျော်ရွှင်မှု (Gross National Happiness) တို့ ရရှိအောင်မြင်ရေးအတွက် အထောက်အပံ့ပေးနိုင်ခြင်းတို့ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.