Connect with us

Education & Health

မြန်မာတစ်နိုင်ငံလုံးရှိ လုပ်သက် ၁၀နှစ်အထက် မူလတန်းကျောင်းအုပ်များ အထက်တန်းပြ လစာခံစားခွင့်ရရှိစေရန် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် KG တန်းတက်ရောက်နေသည့် ကျောင်းသူ/ ကျောင်းသားများ အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာတစ်နိုင်ငံလုံးရှိ လုပ်သက် ၁၀နှစ်အထက် မူလတန်းကျောင်းအုပ်များအား အထက်တန်းပြ လစာတိုးပေးရန်အတွက် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါကျောင်းအုပ်များကို အသုတ်လိုက်ခွဲ၍ ပေးအပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင်ပြောကြားသည်။

“ပထမအသုတ် ပေးပြီးပြီ။ နောက်ထပ်ကျန်တဲ့ ဆရာ၊ဆရာမတွေကို သူ့အသုတ်နဲ့ သူပေးသွားဖို့ရှိတယ်။ မူလတန်းကျောင်းအုပ်တွေ အထက်တန်းပြလစာခံစားရမှာပါ။ ဒါက ကျွန်တော်တို့ပညာရေးဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံအသစ်အရဖြစ်ပါတယ်။ နောက်ပြီးရင် ရာထူးတိုးတွေကို ဆက်လုပ်သွားဖို့ရှိပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယခင်က မူလတန်းကျောင်းအုပ်သည် အလယ်တန်းပြလစာ ခံစားခွင့်ရခဲ့ရာမှ ယခု၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စ၍ အထက်တန်းပြလစာခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ “အရင်တုန်းက မူလတန်းမှာ လုပ်သက်လေး၊ငါးနှစ် ဆိုရင် အလယ်တန်းကို ရာထူးတိုးတယ်။ အလယ်တန်းမှာ သုံးနှစ်၊လေးနှစ်နေပြီးရင် အထက်တန်းကိုရာထူးတိုးပေးတယ်။ အဲလိုသွားနေတော့ သင်ကြားရေးနဲ့ ပတ်သက်တဲ့ နည်းပညာတွေ၊ သင်ထားတဲ့သင်တန်းတွေက သုံးနှစ်ကနေ ငါးနှစ်ကြားမှာ Level တစ်ခုကိုပြောင်း သွားတော့အဲဒီLevel ကအသစ်ဖြစ်နေပြန်ရော၊ မူလတန်းအဆင့်မှာ အရည်အသွေးပိုကောင်းလာဖို့ မူလတန်းမှာ ကျွမ်းကျင်တဲ့ဆရာတွေကိုထိန်းထားနိုင်ဖို့အတွက် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်’’ ဟု ဦးကိုလေးဝင်းက ရှင်းပြသည်။
မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာကျောင်းပေါင်း ၄၇,၀၀၀ ကျော်ရှိသည့်အနက် မူလတန်းကျောင်းပေါင်း ၂၅,၀၀၀ ကျော်ရှိကြောင်း၊ ယခုလစာစနစ် ပြောင်းလဲကျင့်သုံးခြင်းဖြင့် သင်ကြားရေးစနစ်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.