Connect with us

Education & Health

ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၉၉ ထိရှိလာ

ရာသီတုပ်ကွေး နှင့် ပတ်သက်ပြီး ဈေးအတွင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်း ရာသီတုပ်ကွေး ရောဂါ(A(H1N1)pdm 09) ဖြစ်ပွားမှုများကြောင့် ယနေ့သြဂုတ် ၁၉ ရက် အထိ သေဆုံးသူ ၉၉ ဦး ထိ ရှိလာခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၀ ခုတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၉ ရက် အထိ ဖြစ်ပွားသူ ဦးရေမှာ ၅၅၃ ဦး ရှိပြီး သေဆုံးသူ ၉၉ ဦး ရှိခဲ့ရာ ၎င်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး အဖြစ် ၆၆ ဦး သေဆုံးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ ဦး နှင့် ပဲခူးတိုင်းဒေသကြီးတွင် ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားမှု များသည့် ၂၆ မြို့နယ်တွင် ရာသီတုပ်ကွေး ပညာပေး မြေစိုက် ပိုစတာများ ၊ YBS ကားများတွင် ပညာပေး စတစ်ကာများ ဖြန့်ပေးထားကြောင်း ၊ တခြား ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း online အပါအဝင် ကျယ်ကျယ် ပြန့်ပြန့်လုပ်ပေးနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားထားသည်။

“ရောဂါ လက္ခဏာတွေက တစ်ရက်နဲ့ သုံးရက်ကြားမှာ နှာယို ၊ နှာချေမယ်၊ ကိုယ်လက် ကိုက်ခဲမယ်၊ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နဲ့ အထက် ရှိမယ်။ရောဂါ ပြင်းလာရင် အဖျားကြီး ၊ အသက်ရှူကျပ်ပြီး သေဆုံး နိုင်တယ်။ လူတိုင်း ဖြစ်နိုင် ပေမယ့် ကြိုတင်ကာကွယ်လို့ ရတယ်။ ချောင်းဆိုး နှာချေတိုင်း အမှုန်အမွှားတွေက အရှေ့ကို ခြောက်ပေ လောက်အထိ ရောက်တယ်။အဲဒါတွေကို မရှူမိဖို့ နှာခေါင်းစည်း စည်းပြီး ကာကွယ်နိုင်တယ်၊ ချောင်းဆိုးသူကလည်း ပါးစပ်ကို လက်နဲ့အုပ်ပြီး ဆိုးရမယ်။ ပြီးရင်တော့ လက်ကို ရေနဲ့ ဆပ်ပြာနဲ့ စင်စင် ဆေးရမယ်။ လူစုလူဝေး၊ စာသင်ကျောင်း ၊ ဈေး စတဲ့နေရာတွေမှာ သတိထားပြီး ကာကွယ်ရမယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ရာသီတုပ်ကွေး ရောဂါ(Seasonal Influenza)သည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက် ရောဂါ တစ်ခု ဖြစ်ပြီး ၊ Influenza Virus ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၊ ရာသီ တုပ်ကွေး ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုး အမျိုးအစား ၃ မျိုး (Type A,B and C) ရှိပြီး ယခုနှစ် ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ဖြစ်စဉ်မှာ Seasonal Influenza Virus Type A ၏ အမျိုးအစားခွဲ တစ်ခု ဖြစ်သည့် Subtype A(H1N1)pdm 09 ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.