Education & Health
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်ကုသမှုအောင်မြင်
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် မွေးရာပါ နှလုံးအဆို့ရှင်မလုံခြင်း နှင့် ဆိုင်သောသွေးကြောမကြီး ကြီးနေခြင်းအတွက် ၂၀၁၇ ခုနှစ် မတ်လ ၅ ရက် နံနက် ၇ နာရီ မှ စတင်၍ ရန်ကင်းကလေးဆေးရုံကြီး နှလုံးသွေးကြော ခွဲစိတ်ကုဌာန ၏ အစီအစဉ်ဖြင့် နေ့လည် ၁း၃၀ နာရီ အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
လက်ရှိတွင် ဦးဖြိုးမင်းသိန်း ၏ ကျန်းမာရေးအခြေအနေသည် တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း ၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။ နှလုံးခွဲစိတ်ကုသသည့် အဖွဲ့ ကို အင်္ဂလန်နိုင်ငံမှ ပါမောက္ခအောင်ရဲဦး ဦးဆောင်၍ ပါမောက္ခဝင်းဝင်းကျော် နှင့် ပါမောက္ခအောင်သူ တို့ ပူးပေါင်းခွဲစိတ်ခဲ့ကြကြောင်း၊ ပါမောက္ခအောင်ရဲဦးသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆေးပညာဘွဲ့ကို ၁၉၈၈ ခုနှစ်တွင် အောင်မြင်ရရှိခဲ့ပြီး လက်ရှိတွင် အင်္ဂလန်နိုင်ငံ ၊ လစ်ဗာပူးမြို့ ရှိ လစ်ဗာပူး နှလုံး နှင့် ရင်ခေါင်းဆေးရုံတွင် ပါမောက္ခ ခွဲစိတ်ဆရာဝန်ကြီး အနေဖြင့် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ပါမောက္ခအောင်ရဲဦးသည် အင်္ဂလန်နိုင်ငံ နှလုံးသွေးကြောမကြီး နှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့၏ ဥက္ကဋ္ဌ လည်းဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ နှစ်စဉ်လာရောက်ကာ ရန်ကင်းကလေးဆေးရုံကြီးတွင် ၂၀၁၃ ခုနှစ်မှ စ၍ ယနေ့အထိ ၇ ကြိမ်လာရောက်ခဲ့ပြီး နှလုံး နှင့် သွေးကြော ဝေဒနာရှင် ၉၀ကျော်ခန့်ကို ဦးဆောင်ကူညီခွဲစိတ် ကုသပေးခဲ့သူဖြစ်ကြောင်း သိရသည်။
နှလုံးမေ့ဆေး ဆရာဝန်အဖွဲ့ကို ပါမောက္ခအေးအေးအေး ဦးဆောင်ပြီး တွဲဘက်ပါမောက္ခ ခင်ယဉ်ယဉ်ထွေး၊ အထူးကုဆရာဝန် ဒေါက်တာဉာဏ်လင်းအောင် တို့မှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ခွဲစိတ်ခန်းသူနာပြုအဖွဲ့အား သူနာပြုဆရာမကြီး ဒေါ်ထွေးခင် ဦးဆောင်သည့် သူနာပြုအဖွဲ့မှ ကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)