Connect with us

Education & Health

၆ လကျော်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ လေးထောင်ကျော် နှင့် သေဆုံးသူ ၃၂ ဦးရှိ

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - MOHS)

ရန်ကုန် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၁ ရက်ထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၄၁၂၁ ဦး ရှိပြီး သေဆုံးသူ ၃၂ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ 

သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များသော တိုင်းဒေသကြီး/ပြည်နယ် ၅ ခုမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ မန္တလေးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သွေးလွန်တုပ်ကွေး ရောဂါနှင့် ပတ်သတ်၍ COVID-19 ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကို ဂရုပြုသင့်ကြောင်း ၊ ဖုံး ၊ သွန် ၊ လဲ ၊ စစ်ကို မှန်မှန် လုပ်ပေးရန် လိုကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ဆရာဝန် တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ “တက်နိုင်ရင် တော့ ကား တာယာတို့ ၊ ဘုရားပန်းအိုးတို့လိုမျိုး ရေဝပ်တဲ့နေရာမျိုးမှာ ရေမှန်မှန်လဲပေါ့။ဒါက ကာကွယ်ရေးအတွက်ပေါ့။အဓိကတော့ ခြင်ပေါက်ဖွားတဲ့ဟာကို နှိမ်နှင်းရတာပေါ့”ဟု  ၎င်းက ရှင်းလင်းအကြံပြု ခဲ့သည်။ 

ယခုနှစ် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွား/သေဆုံးမှုများသည် ၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ်တို့ဖြင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့နည်း ကျဆင်းသွားသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု၏ ၈၉ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ပြီး ၆၈ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း သိရသည်။ ယခုနှစ်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် မိုးရာသီ၌ အဖြစ်များသော သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်ရန် ဧပြီလအတွင်း ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

သွေးလွန်တုပ်ကွေး ရောဂါသည် သွေးလွန်တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး(Dengue Virus) သယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျား အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားကြောင်း ၊ အသက်အရွယ်မရွေး ၊ ကလေး/လူကြီး မရွေး ၊ ကျား/မ မရွေး ဖြစ်နိုင်ပြီး အသက် ၁၅ နှစ်အထက် လူကြီးများတွင် ဖြစ်ပါက သေဆုံးမှုနှုန်း မြင့်မားကြောင်း သိရသည်။ (Xinhua)