Connect with us

Education & Health

COVID-19 ကာကွယ်ရေး အစီအမံများဖြင့် အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ်

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသားတစ်ဦးအား ကျောင်းအတွင်း မဝင်ရောက်မီ ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးမှုအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) 

၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို COVID-19 ကာကွယ်ရေး အစီအမံများနှင့် အတူ ယနေ့ ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင်လှစ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မှု ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ခေတ္တ ရပ်နားထားရသည့် အခြေခံ ပညာ အထက်တန်းကျောင်းများကို COVID-19  ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန် ချက်များနှင့်အညီ ယနေ့ ဇူလိုင် ၂၁ ရက်တွင် လက်ရှိအခြေ အနေအရ ဖွင့်လှစ်ခွင့်ပြုရန် လိုအပ်ချက်များ ပြည့်မီသည့်ကျောင်း (အဆင့်-A)များအား ဦးစွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

ကျောင်းစာသင်ခန်းထဲတွင် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ အနေအထားဖြင့် တက်ရောက် သင်ကြားနေသော ကျောင်းသားများအား ယနေ့ တွေ့ရစဉ်(ဆင်ဟွာ)

ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အဆင်သင့်ဖြစ်သော (A အဆင့်) ကျောင်း ၃၇၇၂ ကျောင်းကို ယနေ့တွင် ဦးစွာ ဖွင့်လှစ်ခဲ့ကြောင်း ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထက်တန်း ကျောင်းသား စုစုပေါင်း ၁ ဒသမ ၂ သန်း ဝန်းကျင်ရှိကြောင်း ဆင်ဟွာသို့ ယနေ့ တွင် ပြောကြားခဲ့သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကျောင်းသားမိဘ တစ်ဦး ဖြစ်သူ ဒေါ်မိုးသီတာဝင်းက “ကျောင်းတွေ ပြန်ဖွင့်ပြီဆိုတော့ ကလေးတွေ ပညာရေး အတွက် ဝမ်းသာတာပေါ့။ ဒါပေမယ့်လည်း ဝမ်းသာမှုက တစ်ဖက် ၊ စိုးရိမ်ပူပန်မှုက တစ်ဖက်ပေါ့။ ဘာလို့လဲ ဆိုတော့ ကိုယ်တွေက ကျောင်းနဲ့ လမ်းလျှေက်လာလို့ နီးတဲ့ အခါကြတော့ အဆင်ပြေတယ်။ တစ်ချို့ အဝေးက လာတဲ့အခါကြတော့ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ လာရတယ်ဆိုတာ ကိုယ်တွေ မသိရဘူး။ အဲဒီအတွက်ကြောင့် ကိုယ့်သားသမီးအတွက်ကတော့ ကိုယ်တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပေးလိုက်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

 

နှာခေါင်းစည်း အကာအကွယ်များနှင့်အတူ ပညာသင်ကြားနေကြသော ကျောင်းသား/သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဗိုလ်တထောင်မြို့နယ်ရှိ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာတစ်ဦး ဖြစ်သူ ဦးနေလင်း “ကျွန်တော်တို့လည်း ပုံမှန်သင်နေကြနဲ့ မတူတော့ အခက်အခဲတော့ ရှိတာပေါ့။ တစ်ခါတစ်လေ ပုံမှန်တောင်မှ အာရုံစိုက်မှုက အားနည်းတာလေ။ ဒီလို face sheild အုပ်လိုက်တော့ သူတို့ မျက်လုံးကိုလည်း အဝေးက လှမ်းတွေ့ဖို့ မလွယ်ဘူး ။ အရင်ပုံမှန်အတိုင်းဆို လှန်းကြည့်လိုက်တာနဲ့ မြင်ရတယ်။ အခုက face က အုပ်ထားတော့ နှာခေါင်းစည်းက အငွေ့နဲ့ ဝါးတယ်။သိပ်မမြင်ရဘူး။ အဲလို အုပ်ထားတဲ့အတွက် ကြာလာတော့ အသက်ရှူကြပ်မှာပဲလေ။ ပုံမှန်အတိုင်းက သွားလာလှုပ်ရှားနေတဲ့သူကြတော့ ငြိမ်ပြီး ထိုင်နေရတာကြတော့ ကလေးတွေလည်း စိတ်ကျဉ်းကြပ်မှာပေါ့။ ခုလောလောဆယ်ကတော့ နေကြည့်ကြရမှာပေါ့။လုပ်ကြည့်ကြရမှာပေါ့။ အခုက မလုပ်ရသေးတော့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ သိတော့ မသိသေးဘူး။ဒါပေမယ့် ပုံမှန်အတိုင်း မဟုတ်တဲ့အတွက်တော့ အခက်အခဲ ရှိမှာပါပဲ။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေး ကင်းသည့် အခြေခံပညာအထက်တန်း ကျောင်းများ   ပြန်လည်ဖွင့်လှစ်ရန်အတွက်   မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသအာဏာပိုင်များ၊ အခြေခံ ပညာဦးစီးဌာန၊ မိဘဆရာ အသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော  အဖွဲ့များ ဖွဲ့စည်းကာ ဇူလိုင် ၁၇ ရက်မှစ၍  ဇူလိုင် ၂၀ ရက် နံနက်ပိုင်း အထိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းစုစုပေါင်း ၇၁၇၃ ကျောင်း အနက်  ၅၈၃၀ ကျောင်းအား   ဆန်းစစ်အကဲဖြတ်ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်သော (A အဆင့်) ကျောင်း ပေါင်း ၃၇၇၂ ကျောင်း၊ ဖြည့်ဆည်းရန် လိုအပ်သော (B အဆင့်) ကျောင်း ၁၂၂၀၊ ဖြည့်ဆည်းရန် အထူးလိုအပ်သော    (C အဆင့်)  ကျောင်း  ၈၃၈  ကျောင်း အသီးသီး စိစစ်တွေ့ ရှိခဲ့ရကြောင်း သိရသည်။ 

ထို့အတူ ဖြည့်ဆည်းရန် လိုအပ်သော (B အဆင့်) ကျောင်း နှင့် ဖြည့်ဆည်းရန် အထူးလိုအပ်သော    (C အဆင့်)  ကျောင်းများကို ဒုတိယ အဆင့်အနေဖြင့် ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဇူလိုင် ၂၀ ရက်တွင် နေပြည်တော်၌ ပညာရေး ဝန်ကြီးဌာန နှင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ 

ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ပါကလည်း  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနှင့်    တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ   ကိုယ်စားလှယ်များ၊   မိဘ ဆရာအသင်း များမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့များဖြင့် မြို့နယ်အလိုက် စဉ်ဆက်မပြတ် အဆင့်ဆင့် ဆန်းစစ် ကြီးကြပ် ခြင်းနှင့်   ရှောင်တခင်စစ်ဆေးခြင်းတို့ကို   ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။ (Xinhua)