Education & Health
ရာသီ တုပ်ကွေး ရောဂါ ဖြင့် သေဆုံးသူ ၂၅ ဦး ၊ ဖြစ်ပွားသူ ၂၄၂ ဦးရှိ
ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)
နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားမှု အခြေအနေအရ သြဂုတ် ၁၅ ရက် အထိ သေဆုံးသူ ၂၅ ဦး ရှိကာ ရောဂါ ဖြစ်ပွားသူ ဦးရေ ၂၄၂ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွား ၊ သေဆုံးမှုများ အနက် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ဦးရေ ၇၉ ဦး ၊ သေဆုံးသူ ၇ ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ၃၄ ဦး ၊ သေဆုံးသူ ၉ ဦး ၊ ပဲခူးတိုင်း ဒေသကြီး တွင် ဖြစ်ပွားသူ ၃၇ ဦး ၊ သေဆုံးသူ ၃ ဦးဖြင့် အများဆုံး ရှိနေကြကြောင်း ထုတ်ပြန်မှုများ အရ သိရသည်။
ထို့အတူ H1N1 ပိုးတွေ့ရှိသော်လည်း ရာသီ တုပ်ကွေး ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြား ရောဂါ အခံများကြောင့် သြဂုတ် ၁၅ ရက်အထိ သေဆုံးသူ စုစုပေါင်း ၁၈ ဦး ရှိကြောင်း သိရသည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်း ရောဂါဖြင့် ဆေးရုံ တက်ရောက် နေသူများတွင် H1N1 ပိုးတွေ့လူနာများ သာမက ပိုးမတွေ့လူနာများကိုလည်း လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်း ရောဂါ ကုသရေး လမ်းညွန်များ အတိုင်း ထိရောက်သော ကုသမှုများ ရရှိရန် အထူး အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)