Education & Health
ရာသီ တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၆၅ ဦး ရှိလာ ၊ ရန်ကုန်တိုင်းဒေသကြီးမှ ၅၂ ဦး ပါဝင်

ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)
တိုင်းဒေသကြီး နှင့် ပြည်နယ် ၇ ခုတွင် ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ဇူလိုင် ၂၁ ရက် အထိ ၆၅ ဦး ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ကာ ၅၂ ဦးထိ သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ဖြင့် သေဆုံးသူ ၆၅ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး ၊ ကချင် ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ မွန်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ဖြစ်ကြောင်း သိရသည်။
နိုင်ငံ တစ်ဝန်းတွင် ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၈၂၃ ဦး ရှိပြီး ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ဦးရေ ၃၄၈ ဦး ရှိကြောင်း သိရသည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားသူများကို လေ့လာသုံးသပ်ရာတွင် သာမန်အားဖြင့် သေဆုံးမှုနှုန်း မမြင့်မားသော်လည်း နာတာရှည် ရောဂါ အခံ ရှိသူများ ၊ အသက်အရွယ် ကြီးလွန်းသူ နှင့် ငယ်လွန်းသူ ကလေးငယ်များတွင် ရောဂါ ပြင်းထန်ပြီး သေဆုံးမှု မြင့်မားကြောင်း သိရသည်ဟု ဇူလိုင် ၁၇ ရက် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရာသီတုပ်ကွေး ရောဂါ(Seasonal Influenza)သည် အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကူးစက် ရောဂါ တစ်ခု ဖြစ်ပြီး ၊ Influenza Virus ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၊ ရာသီ တုပ်ကွေး ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုး အမျိုးအစား ၃ မျိုး (Type A,B and C) ရှိပြီး ယခုနှစ် ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ဖြစ်စဉ်မှာ Seasonal Influenza Virus Type A ၏ အမျိုးအစားခွဲ တစ်ခု ဖြစ်သည့် Subtype A(H1N1)pdm 09 ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရ သည်။(Xinhua)