Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့  လာမည့် ရက်သတ္တပတ်များ၌ အပူချိန်ပိုမိုမြင့်တက်နိုင် 

နွေရာသီတွင် ထီးဖြင့်သွားလာနေကြသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် လာမည့် ရက်သတ္တပတ်များ၌ ပူနွေးစွတ်စိုသော နွေကာလ ဖြစ်နိုင်ပြီး ဧပြီလ ၏ ပျမ်းမျှ အပူချိန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ် နှင့်အထက်  ပိုပူနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးလှထွန်းက ဧပြီ ၈ ရက်တွင် ဆင်ဟွာကိုပြောသည်။

ဦးလှထွန်းက “ဧပြီ အစပိုင်းက ပူပြင်းခြောက်သွေ့တဲ့လေ တိုက်ခိုက်တယ်။လေထုက ခြောက်သွေ့နေတယ်။ ပူပေမယ့် နေလို့ထိုင်လို့ရသေးတယ်။  ဧပြီ ၁၅ ရက် နောက်ပိုင်းက ပူနွေးစွတ်စို တဲ့ ကာလ ဖြစ်တယ်။ ပိုပူမယ်။ ချွေးထွက်များလာမယ်။ လေထုက စိုထိုင်းစများတော့ ချွေးပိုထွက်မယ်။ လေထုစွတ်စိုရင် လေပြင်းတိုက်၊ မိုးကြိုးပစ်တိုက်တာတွေဖြစ်နိုင်တယ်’’ ဟုပြောသည်။ 

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ထက် ပိုမိုပူးပြင်းနိုင်ကြောင်း သိရသည်။

ဦးလှထွန်းက “မြန်မာနိုင်ငံ အလယ်ပိုင်း  မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ဆိုရင်အပူချိန်က ၄၄ နဲ့ ၄၅ ဒီဂရီ စင်တီဂရိတ်မှာရှိနိုင်တယ်။ ရန်ကုန်မြို့မှာ ဆိုရင် အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ် အထိ ဖြစ်နိုင်တယ်။ မြစ်ဝကျွန်းပေါ် ဒေသတွေ မှာဆိုရင် အပူချိန် ၄၀နဲ့ ၄၁ ဒီဂရီစင်တီဂရိတ် အထိ ဖြစ်နိုင်တယ်။ သင်္ကြန်ပြီးကာလ ဧပြီလလယ် က အပူဆုံးအခြေအနေ ဖြစ်နိုင်တယ်’’ ဟုဆိုသည်။

ဧပြီ ၈ ရက်တွင် နေပြည်တော်နှင့် ရန်ကုန်မြို့ အမြင့်ဆုံးအပူချိန် သည် ၃၉ ဒီဂရီစင်တီဂရိတ် ရှိကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။  (Xinhua)