Connect with us

Environment, Disasters & Accidents

ပျက်ကျ လေယာဉ် ရှာဖွေ ကယ်ဆယ်ရေးကို ဆိုးရွားသည့် ရာသီဥတု အတွင်း ခက်ခက်ခဲခဲ ဆောင်ရွက်နေပြီး မကြာမီ ရှာဖွေ တွေ့ရှိနိုင်မည်ဟု မျှော်လင့်

ပျက်ကျ လေယာဉ်အား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

ဆိုးရွားသည့်ရာသီဥတုအတွင်း ခက်ခက်ခဲခဲဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး နိုင်ငံ ပိုင်နက် အတွင်း ပျက်ကျခြင်း၊ အထောက်အထား တစ်ချို့ ရရှိနေခြင်းတို့ကြောင့် မကြာမီ ပျက်ကျ လေယာဉ် အား ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ပျက်ကျလေယာဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား မိမိတို့ထုတ်နုတ်နိုင် သည့် လေယာဉ်၊ ရေယာဉ်၊ လူပစ္စည်း၊ ယန္တရားအင်အားများ ရာခိုင်နှုန်းပြည့် သုံးစွဲ၍ အစွမ်းကုန် ကြိုးစား လုပ်ဆောင်နေကြောင်း ၎င်းက ဇွန် ၇ ရက်တွင်ပျက် ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8 တွင်ပါရှိ သွားသည့် လေယာဉ် အမှုထမ်းများ ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူများ အတွက်စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း ပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ လေယာဉ်နှင့်ပတ်သက်၍ ရေဒါများမှ နောက်ဆုံး ဖမ်းယူရရှိသည့်အချက်အလက်များနှင့် အခြား အကြောင်းအရာများဆက်စပ်၍ ဖြစ်နိုင်ခြေကို စဉ်းစားသုံးသပ်ခဲ့မှု ၊ ရာသီဥတုအခြေအနေအရ ထိုအချိန်က ဖြစ်စဉ်နေရာ တစ်ဝိုက်တွင် လွန်စွာကြီးမားသည့်တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့မှုကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်မှုတို့ကိုလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ပျက်ကျသွားခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်မှ လက်ရှိအခြေအနေတွင် လေယာဉ် အစိတ်အပိုင်း တစ်ချို့ နှင့် အတူ ဇွန် ၁၁ ရက် နံနက်ပိုင်း အချိန်ထိ စုစုပေါင်း ရုပ်အလောင်း ၃၆ လောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်သည် ဇွန် ၇ ရက် မွန်းလွဲပိုင်း အချိန်တွင် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးခဲ့ပြီး လေယာဉ်ပေါ်တွင် စုစုပေါင်းလူ ၁၂၂ ဦး လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)