Connect with us

Environment, Disasters & Accidents

မန္တလေးမြို့ရှိ အလှပြင်ဆိုင်မီးလောင်မှုတွင် လူ ၅ ဦး သေဆုံး

အလှပြင်ဆိုင်မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓာတ်ပုံ- မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ၃၅လမ်း ၈၇ × ၈၈ လမ်းရှိ အလှပြင်ဆိုင်တစ်ဆိုင်သည် ယနေ့ (အောက်တိုဘာ ၁၄ရက်) ၀၀း၀၂ အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်အတွင်းရှိ လူ ၅ ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

“မီးလောင်ပြင်အတွင်း  လူ၅ဦးကို ကယ်ထုတ်ပေမယ့် အားလုံး အလောင်းတွေကြီးပဲ ပြန်ထုတ်လာနိုင်တယ်၊ မီးလောင်ချိန်က မကြာလိုက်ပါဘူး”ဟု မီးလောင်မှုတွင် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အလှပြင်ဆိုင်မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓာတ်ပုံ- မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့)

အလှပြင်ဆိုင်မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓာတ်ပုံ- မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့)

အလှပြင်ဆိုင်မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓာတ်ပုံ- မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့)

အဆိုပါ အလှပြုပြင်ရေးဆိုင်ခန်းအောက်ထပ်က လျှပ်စစ်မီးခုံအပူလွန်ကဲပြီး ဆိုဖာဆက်တီပေါ် မီးပွားကျခဲ့ရာမှ စတင်လောင်ကျွမ်းခဲ့ကြောင်း၊ ယင်းမီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်အဆောက်အအုံတစ်ခုလုံး ဆုံးရှုံးခဲ့ပြီး  ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဆံပင်အလှပြင်ဆိုင်က ၁၂ ပေလောက်သာကျယ်မယ်၊ နှစ်ထပ်လေး၊ ထပ်ခိုးမှာ လူတွေအိပ်နေတာ၊ အိပ်ပျော်နေရက်ဆိုတော့ ဝါယာရှော့ဖြစ်ပြီး မီးခိုးမွှန်ပြီး အခုလို အဖြစ်ဆိုးနဲ့ကြုံရတာ၊ ဆိုင်ခန်းတံခါးတွေ ဖျက်ပြီးဝင်ကြမှ သူတို့အလောင်းတွေသာ ရတော့တာ”ဟု အခင်းဖြစ် ဆိုင်အနီးရှိ မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယင်းမီးလောင်ကျွမ်းမှုကို Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ပြီး ၀၀း၁၃ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မီးလောင်ကျွမ်းမှုအား သက်ဆိုင်ရာ ချမ်းအေးသာဇံမြို့နယ် အမှတ် ၆ ရဲစခန်းမှ ဆိုင်ရှင်ဖြစ်သူအား (ပ)၂၃၁ / ၂၀၂၀ ၊ ပုဒ်မ ၂၈၅ /၃၀၄ – က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ (Xinhua)