Environment, Disasters & Accidents
မြန်မာတစ်နိုင်ငံလုံးတွင် အပူချိန် မြင့်မားလျက်ရှိ၊ ချင်းပြည်နယ် မှလွဲ၍ ကျန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် မတ်လ ၏ ဖြစ်မြဲအပူချိန် ထက် ပိုပူနိုင်
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အပူချိန် မြင့်မားလျက်ရှိပြီး ချင်းပြည်နယ် က လွဲ၍ ကျန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် မတ်လ ၏ ဖြစ်မြဲအပူချိန် ထက် ပိုပူနိုင်ကြောင်း၊ တစ်ချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စံချိန်ချိုးသည် အထိ ပူတာမျိုး ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်း က ဆင်ဟွာကို မတ် ၂၀ ရက်တွင်ပြောသည်။
ဦးလှထွန်းက “ချင်းပြည်နယ် ကလွဲပြီး ကျန်တဲ့ နေရာတွေ ပူမယ်ပေါ့။ ချင်းပြည်နယ် က လွဲပြီး ကျန်တဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေ မှာ အပူချိန် ၁.၅ ဒီဂရီစင်တီဂရိတ် ထက် ပိုပူနိုင်တယ် ။ သို့သော် တစ်ချို့ ရက်တွေမှာတော့ လက်ရှိမှာလည်း မတ်လ ရဲ့ဖြစ်မြဲအပူချိန်ထက် ၂ ဒီဂရီ နဲ့ ၃ ဒီဂရီ ပိုပူတဲ့နေရာ တွေနိုင်တယ်။ လာမယ့်ရက်တွေ မှာ ပိုပူလာဖို့ရှိတယ်။ စံချိန်ကျိုးတဲ့ အထိ ပိုပူတဲ့နေရာတွေလည်း ရှိနိုင်တယ်။ စံချိန်ကျိုးတာမျိုး တစ်ချို့ မြို့တွေမှာ ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းချောက်မြို့မှာ ဆိုရင် ဒီရက်ပိုင်းမှာ အမြင့်ဆုံး အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ် လောက်အထိ ပူတာတွေရှိတယ်။’’ ဟုပြောသည်။
၂၀၂၀ ပြည့်နှစ်သည် အယ်နီညိုနှစ် မဟုတ်သော်လည်း မြန်မာနိုင်ငံတွင်တော့ ၂၀၁၉ ခုနှစ် ထက် ပိုပူနိုင်ကြောင်း၊ ကမ္ဘာ့ရာသီဥတုအားထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း သိရသည်။
ဦးလှထွန်းက “ကမ္ဘာမှာဆိုရင် ၂၀၁၉ ခုနှစ် က တတိယ အပူဆုံးနှစ် ဖြစ်ခဲ့တယ်။ လေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ များလာရင်ပိုပူပါတယ်။’’ ဟုပြောသည်။
မတ် ၂၀ ရက် တွင် နေပြည်တော် ၌ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် အပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ် ရှိသည်။ နွေကာလ တွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းသည် တစ်ခြားရာသီများထက် ပိုများတတ်ကြောင်း သိရသည်။
ဦးလှထွန်းက “ခရမ်းလွန်ရောင်ခြည်က အပူချိန်မြင့်တာနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး။ ဆောင်းဆိုရင်နေလမ်းကြောင်း သိပ်ပြီးမတည့်မတ်ဘူး။ နွေရာသီကြတော့ နေလမ်းကြောင်း က မြန်မာနိုင်ငံ နဲ့ ပိုတည့်လာတယ်။ နေလမ်းကြောင်းတိုလာတဲ့ အခါ ခရမ်းလွန်ရောင်ခြည် က ပိုများလာတယ်။ နေက လာတဲ့ နေရောင်ခြည် ကို ကာကွယ်ပေးတဲ့ တိမ်ဖြစ်ထွန်းမှုလည်းနည်းတယ်။ အိုဇုန်းလွှာ တွေ ပါးလာတဲ့အခါ နေရောင်ခြည် တိုက်ရိုက်ထိတွေ့ပြီး ခရမ်းလွန်ရောင်ခြည် ကို ထိတာပါ။” ဟုပြောသည်။
ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းသည် နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အကြားအမြင့်ဆုံးဖြစ်ကြောင်း၊ လက်ရှိ တွင် မိုးဇလ ၏ စမ်းသပ်တိုင်းထွာချက်များအရ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းသည် အလယ်အလတ်အဆင့်တွင်ရှိကြာင်း သိရသည်။ (Xinhua)