Environment, Disasters & Accidents
မြန်မာ့ ရေပြင်အတွင်းရှိ ရေပေါ်ရေအောက် သယံဇာတများနှင့် ငါး၊ ပုစွန် သားပေါက်နှုန်းများ ကျဆင်း
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာ့ ရေပြင်အတွင်းရှိ ရေပေါ်ရေအောက် သယံဇာတများနှင့် ငါး၊ ပုစွန် သားပေါက်နှုန်းများမှာ တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာသည့် အပြင် ငါး၊ ပုစွန် ဖမ်းဆီးရေး လုပ်ငန်းများတွင်လည်း ရရှိသည့် ပမာဏမှာ ယခင်ကထက် ၅ဝ ရာခိုင်နှုန်းကျော် ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။
ဦးဟန်ထွန်းက “ ဒါကြောင့် ရေပြင် သယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားတဲ့ ကာလတွေမှာ ငါးတွေကို ခိုးယူ ဖမ်းဆီးသူများနဲ့ ရေပြင် သယံဇာတများ ဆုံးရှုံးမှု မရှိစေရေး အတွက် ပိတ်ပင် တားမြစ်ထားတဲ့ ငါးဖမ်းဆီးနည်း အသုံးပြုသူတွေကို အခုနှစ်မှာတော့ ထိထိရောက်ရောက် အရေးယူမှုတွေကို ပြုလုပ်သွားမှာ ဖြစ်တယ်’’ ဟုပြောသည်။
နော်ဝေနိုင်ငံမှ ရေပြင် သုတေသန ရေယာဉ်နဲ့ အတူ မြန်မာနိုင်ငံမှ ပညာရှင်များ ပါဝင်သည့် အဖွဲ့များမှ သုတေသန လုပ်ငန်းများ လုပ်ကိုင်ကြောင်း၊ ထိုသို့ သုတေသန ပြုလုပ်သည့်အခါ ရေပြင် သယံဇာတများ ဆုံးရှုံးနေခြင်း အားတွေ့ရကြောင်း၊ ငါးဥချချိန်နှင့် သားပေါက်ချိန်များတွင် ဖမ်းဆီးခွင့် ပိတ်ပင်ထားသော်လည်း ဖမ်းဆီးနေကြောင်း၊ ထို့ကြောင့် ငါးသယံဇာတများ ကျဆင်းလာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပင်လယ်ပြင်နှင့် မြစ်ကြောင်းတစ်လျှောက် ငါးဖမ်းဆီးရေး လုပ်ငန်း လုပ်ကိုင်သူများကို ပင်လယ်ပြင် ဂေဟ စနစ်ကို ပျက်စီး စေမည့် ငါးဖမ်းနည်းများတွင် ပါဝင်သည့် တရွတ်တိုက် ငါးဖမ်းနည်း၊ ကျားပိုက်ချ ငါးဖမ်းနည်း၊ တရုတ်ဘုံကျောင်း ငါးဖမ်းနည်းများကို အသုံးမပြုရန် တားမြစ်ထားသော်လည်း လုပ်ကိုင်သူများ ရှိနေသေးကြောင်း သိရသည်။ (Xinhua)