Connect with us

Politics, Law & Military

ဖားကန့်ရတနာလုပ်ကွက် မြေစာစွန့်မှု စနစ်ကျရန် စိစစ် ကြပ်မတ်လျက်ရှိ

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

စွန့်ပစ် မြေစာများ မကြာခဏ ပြိုကျပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အတွက် ရတနာ တူးဖော်သည့် ကုမ္ပဏီတို့အား မြေစာစွန့်ရာတွင် လှေကားထစ်ပုံ စွန့်ပစ်ရန် ကန့်သတ်ထားမှုကို လိုက်နာမှု ရှိ မရှိ စိစစ်ကြပ်မတ်လျက် ရှိသည်ဟု သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ယနေ့သတင်းစာ ရှင်းပွဲတွင် ဖြေကြားခဲ့သည်။

“လုံးခင်း၊ ဖားကန့်မှာ မြေစာပုံတွေ ပြိုကျမှုနောက်ပိုင်း မြေစာပုံရင် လှေကားထစ် ပုံစံနဲ့စနစ်တကျပုံဖို ့ မြေစာပုံ စိစစ်ကြပ်မတ်ရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ကြပ်မတ် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရ အဖွဲ့နှင့် ညှိနှိုင်းပြီး စိစစ် ကြပ်မတ်ရေး အဖွဲ့ပေါင်း ၁၁ ဖွဲ့ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရတနာ ကုမ္ပဏီများ မြေစာ စနစ်တကျ စွန့်ပစ်မှု ရှိ မရှိကို ၎င်းတို့အချင်းချင်း အပြန် အလှန် ထိန်းကျောင်းမှု ရှိစေရန်အတွက် စနစ်တကျ မစွန့်ပစ်ကြောင်း တွေ့ရှိပါက သတင်းပေးနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများအား ဝန်ကြီးဌာနက ကွင်းဆင်း တွေ့ဆုံကာ မှာကြားထားပြီး ဖြစ်ကြောင်း လည်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ရှင်းပြသည်။

ထို့အပြင် ရတနာ လုပ်ကွက်များအနီး ရေမဆေးကျောက် ရှာဖွေသူ ရပ်ဝေးရပ်နီးမှ ပြည်သူ လေးသိန်းခန့်ရှိနေခြင်းနှင့် ပတ်သက်၍လည်း ၎င်းက “ဒီကိစ္စက အလွယ်တကူ ဖြေရှင်းဖို့ခက်ခဲနေပါတယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေလည်း ပါနေလို့ပြည်ထဲရေး၊ ကာကွယ်ရေး၊ ပြည်နယ် အစိုးရ အဖွဲ့တွေနဲ့ပါ ဝိုင်းဝန်း ကြပ်မတ် ထိန်းကျောင်းဖို့လိုပါတယ်၊ ရေမဆေးကျောက် ၇ှာသူတွေထဲမှာ ဒေသခံတွေလည်း ပါနေတော့ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ရေး အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းနေပါတယ်” ဟု ပြောခဲ့သည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရက် ၁၀၀ စီမံချက်၌ သတ္တု ကဏ္ဍအတွက် လက်ရှိ အခြေအနေနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲရမည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင် ဖြည့်စွက်ခြင်း၊ သတ္တု ထုတ်လုပ်ရာတွင် စည်းကမ်းရှိရေး၊ နိုင်ငံ အကျိုးရှိအောင် အသုံးချရေးနှင့် ပတ်ဝန်းကျင် ပျက်စီးမှုကို ပြန်လည် အစားထိုးနိုင်ရေးအတွက် စီမံကိန်းရေးဆွဲခြင်း၊ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် လေးရပ်တို့ကို ရေးဆွဲခြင်း စသည့် လုပ်ငန်းများကို သတ်မှတ်ထားသည့် အတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း ၎င်းကပြောခဲ့သည်။
ထို့အပြင် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်၌ ကျွန်းနှင့် သစ်မာ ထုတ်လုပ်ခြင်းကို လုံး၀ ရပ်နားခြင်း၊ ဒေသခံ ပြည်သူများ၏ သစ်လိုအပ်ချက်ကို ဖြည့်ဆည်း ရောင်းချမည့် အစီအမံများ ချမှတ် ဆောင်ရွက်ခြင်း၊ တရားမဝင်သစ် ကာကွယ်တားဆီးရေး လုပ်ငန်းကို ပိုမို ထိရောက်စွာ ဆောင်ရွက် နိုင်ရန် ဆက်စပ် ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့အပါအဝင် ၂၀၁၆ မေလ ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် ပြုလုပ်ခဲ့သည့် သစ်တော သယံဇာတ ရေရှည် တည်တံ့ရေး အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိခဲ့သော ရလဒ် ၁၂ ချက်တို့ကို အခြေခံပြီး အကောင်အထည်ဖော်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။ (Xinhua)