Environment, Disasters & Accidents
တပ်မတော်နည်းပညာ တက္ကသိုလ်၊ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား ၅ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိဟု အစိုးရထုတ်ပြန်
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ ရှမ်းပြည်နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား စုစုပေါင်း ၅ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ပြည်သူ၂ ဦး နှင့် ရဲတပ်ဖွဲ့ ဝင် ၃ စုစုပေါင်း ၅ဦးကျဆုံးပြီး အရပ်သားပြည်သူ ၁၀ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၁၂ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအနက် အရပ်သားပြည်သူ ၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့အား ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့၏ လက်နက်ငယ် ၁၇ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၁၃၁၂ တောင့်၊ မူးယစ် ဆေးဝါး ရှာဖွေရေးကိရိယာတစ်ခု၊ ဓာတုဗေဒစမ်းသပ်ရှာဖွေရေး ကိရိယာတစ်ခု၊ လက်ကိုင် စကားပြောစက် ၄ လုံး တို့ဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ် ၃ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ကြမ်းခင်းများပျက်စီးသွားခဲ့ပြီး ယာဉ်များ သွားလာ၍ မရကြောင်းသိရသည်။
ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင် – လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက် ဒုံးသီးများဖြင့် လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရေး ဂိတ်တို့အား မော်တော်ယာဉ် ၁ စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA ၊ TNLA ၊ MNDAA အဖွဲ့ဝင် ၂ ဦးက အာရ်ပီဂျီဖြင့်လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက တစ်ချိန်တည်း တပြိုင်တည်း နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဇူလိုင် ၂၅ ရက်တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နှင့် မူးယစ် ဆေးဝါးရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာမှ မူးယစ်ဆေးဝါး တန်ဖိုးကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း တပ်မတော်က သိမ်းဆည်း ရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်တွင် AA အဖွဲ့ ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ကြောင့် AA ၊ TNLA ၊ MNDAA အဖွဲ့များက တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန် လာခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)