Environment, Disasters & Accidents
ထုံးမကြီးကျေးရွာ ဧရာဝတီမြစ်ရေမြင့် တက်မှုများ နှစ်စဉ်ကြုံတွေ့နိုင် သဖြင့် ထပ်မံရွာသစ်ရွှေ့ပြောင်း နေထိုင်ရန် လိုအပ်နေ
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)
ထုံးမကြီးကျေးရွာသည် ယခင်ရွာဟောင်းမှ ယခုနေထိုင်လျက်ရှိသည့် ရွာသစ် တည်ရာ နေရာအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၏ကူညီ ထောက်ပံ့မှုများဖြင့် ကိုင်းမြေများကို ဝယ်ယူ၍ ရွာသစ်တည်ပေးခဲ့သော်လည်း ဧရာဝတီမြစ်ရေမြင့် တက်မှုများ နှစ်စဉ်ကြုံတွေ့နိုင် သဖြင့် ထပ်မံရွာသစ်ရွှေ့ပြောင်း နေထိုင်ရန် လိုအပ်နေ လျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ထုံးမကြီးကျေးရွာသည် ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ မြစ်ရေကြီးမှုများ ကြောင့် ကျေးရွာ၏ အရှေ့ဘက် ရှိ မြစ်ကမ်းပါးများပြိုကျခဲ့သဖြင့် ယခင်ကျေးရွာ၏ အနောက်ဘက် (၁)မိုင်ခန့် အကွာရှိ မန်းကျိုးကျေးရွာ၏မြောက်ဘက်သို့ ရွာသစ် တည်ပြောင်းရွှေ့နေ ထိုင်လျက်ရှိရာ ယခုနှစ်၊ဇူလိုင်လ(၂၉)ရက်နေ့မှ စ၍ ဧရာဝတီမြစ်ရေမြင့် တက်လာမှုကြောင့် ရွာသစ်နေရာမှ ရေဘေး ကင်းလွတ်ရာ အောက်ကျောင်း ဘုရားကြီး ဝန်းအတွင်း ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
ထုံးမကြီးကျေးရွာ ရွာသစ်တည်သည့်နေရာသည် ယခင်ရွာဟောင်းထက် (၅)ပေခန့် နှိမ့်ကျနေသဖြင့် ခြေတံရှည်အိမ်မြင့်များ တည်ဆောက်နေထိုင် လျက်ရှိသော်လည်း ဧရာဝတီမြစ်ရေများ ဝင်ရောက်လာသည့်အခါ ရေအနက် (၁၂)ပေခန့်ထိ မြင့်တက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)