Connect with us

Environment, Disasters & Accidents

ဖေဖော်ဝါရီ လ ၁၅ ရက် တစ်ရက်တည်းတွင် ငလျင် ၃ကြိမ်လှုပ်ရှားမှုဖြစ်ပွား

ငလျင်လှုပ်ရှားမှု ပြဇယား အားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) 

ဖေဖော်ဝါရီ လ ၁၅ ရက် တစ်ရက်တည်းတွင် ငလျင် ၃ ကြိမ်လှုပ်ရှားမှုဖြစ်ပွားခဲ့ကြောင်း ငလျင်များမှာ အင်အားအနည်းငယ်သာရှိသည့်အတွက် ကြောက်လန့်ရန်မလိုကြောင်း၊ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေး က ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆင်ဟွာ ကိုပြောသည်။

ဒေါက်တာယဉ်မျိုးမင်းထွေးက “ငလျင် ၂ ခု က ချင်းပြည်နယ် မှာလှုပ်ရှားခဲ့တာပါ။ ငလျင်တစ်ခု ကတော့ ရခိုင်ပြည်နယ်မှာ လှုပ်ခဲ့တာပါ’’ ဟုပြောသည်။

ချင်းပြည်နယ်တွင်ကဘော်ပြတ်ရွေ့ကြောင့် ငလျင်လှုပ်နိုင်သလို မြေထုချပ်ပွတ်တိုက်ရွေ့လျားမှုကြောင့် လည်း ငလျင်လှုပ်နိုင်ကြောင်း၊ အဲ့ဒီ့ ဘက်တွေ ကငလျင်လှုပ်ရှားမှု က တစ်ခြားနေရာထက် ပိုမိုများတတ်ကြောင်း သိရသည်။

“စစ်ကိုင်းပြတ်ရွေ့အရှေ့ဘက်ခြမ်းထက် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေကတော့ များသောအားဖြင့်မြေထုချပ် ပွတ်တိုက်မှုကြောင့် ဖြစ်တာပိုများတယ်။ ရခိုင်ပြည်နယ်ဘက်မှာလည်း အခုနောက်ပိုင်းမှာ ငလျင် လှုပ်တဲ့ အကြိမ်ရေ က ပိုများလာတယ်။ အင်အားအနေနဲ့ ကတော့ အင်အား အနည်းငယ် ပဲ ပိုများတယ်’’ ဟု ဒေါက်တာယဉ်မျိုးမင်းထွေး က ပြောသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်၊မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၁၆)မိနစ်၊ (၅၉)စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၅)မိုင် ခန့်ကွာဝေးသော၊ ရခိုင်ပြည်နယ်၊  (မင်းပြားမြို့၏ အရှေ့မြောက်ဘက် (၁၅)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၄၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၈) ဒီဂရီ၊ အနက် (၁၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သည်။

ဖေဖော်ဝါရီလ (၁၅)ရက်တွင်ပင်  မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၅၈)မိနစ်၊ (၅၅)စက္ကန့်အချိန်တွင် ချင်းပြည်နယ်၊ မတူပီမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၂)မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၁.၆၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၇) ဒီဂရီ၊ အနက် (၆၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။ 

ဖေဖော်ဝါရီ လ ၁၅ ရက်တွင် တတိယမြောက်လှုပ်ရှားခဲ့သည့် ငလျင်မှာလည်း ချင်းပြည်နယ်တွင် ပင်လှုပ်ရှားခဲ့ခြင်း ဖြစ်ပြီး (၁၄)နာရီ၊ (၄၂)မိနစ်၊ (၁၉) စက္ကန့် အချိန်တွင် ချင်းပြည်နယ် ဟားခါးမြို့၏ တောင်ဘက် (၆)မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၂.၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၀)ဒီဂရီ၊ အနက်(၂၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ခြင်း ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ဒေါက်တာယဉ်မျိုးမင်းထွေးက “မြေငလျင်ဆိုတာ တစ်ခြားသော သဘာဝ ဘေးလို ကြိုတင်ခန့်မှန်းတွက်ချက် လို့ မရတဲ့ သဘာဝဘေးတစ်မျိုးဖြစ်တယ်။ မြေထုချပ်ရွေ့လျားမှုကြောင့် ဖြစ်တဲ့ ငလျင်က မြန်မာ နိုင်ငံမှာသာမက ကမ္ဘာမှာ ပါ အကြိမ်ရေ ပိုများလာတယ်။ ဒါကြောင့် ငလျင်အလှုပ်များတဲ့ ဒေသတွေ ငလျင် နဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှုလေးတွေ ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်လို့ အကြံပြုချင်ပါတယ်’’ ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.