Environment, Disasters & Accidents
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုတချို့ရှိ
ရန်ကုန်၊ဧပြီ ၁၃ ရက် (ဆင်ဟွာ)
ယနေ့ညတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စေတီတော်နှစ်ဆူ ထီးတော်မြေခခဲ့သလို ပျက်စီးဆုံးရှုံးမှုတချို့လည်း ရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးမြို့၏ အရှေ့ဖက် (၄၂)မိုင်အကွာ မန္တလေးမြို့၏ အနောက်မြောက်ဘက် (၁၁၂)မိုင်ခန့်ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၈ ရစ်ချ်တာစကေး အဆင့်ရှိ ငလျင်ကြောင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယင်းမာပင် ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ ဝါးတန်းကျေးရွာ သတ္တမဗောဓိ ဆုတောင်းပြည့် စေတီတော် စိန်ဖူးတော် မြေခသကဲ့သို့ မုံရွာခရိုင် ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာ ရွှေဂူကြီး ဘုရားဝန်းအတွင်းရှိ အရန်စေတီ(၃)ဆူအနက် ဉာဏ်တော်အမြင့် (၄၂)တောင်ရှိ အရှေ့စေတီ စိန်ဖူးတော် မြေခခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးမြို့အပြင် အချို့သောမြို့များတွင်လည်း ဘုရားစေတီများ အက်ကွဲခြင်း၊ ထီးတော်မြေခခြင်းများအပြင် နေအိမ်အချို့ ထိခိုက်ပျက်စီးခြင်းများလည်း ရှိခဲ့ကြောင်း၊ အဆိုပါ ငလျင်ကြောင့် ပျက်စီးမှုများအား ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာစံတော်ချိန် (၂၀)နာရီ (၂၅)မိနစ် (၁၈)စက္ကန့်အချိန်တွင် လှုပ်ရှားသွားသော အင်အားပြင်းထန်သည့် မြေငလျင်ကြီးလှုပ်ရှားမှုအား နေပြည်တော်၊ မန္တလေး၊ မကွေး၊ မင်းဘူး၊ ချောက်၊ မုံရွာ၊ ညောင်ဦး၊ မင်းတပ်၊ ဖလမ်းနှင့် ကျောက်ဖြူမြို့များမှ သတိပြုမိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည် ။ (Xinhua)