Connect with us

Environment, Disasters & Accidents

မြန်မာ့ကြယ်လိပ်များကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ထားသောကြောင့် ကြယ်လိပ်အကောင်ရေ ၁၄,၀၀၀ ကျော်အထိတိုးပွားလာ

ပုဂံမြို့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်ကြီးတစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်သည့် မြန်မာ့ကြယ်လိပ်သည် သဘာဝသစ်တောများတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သောကြောင့် ခြံလှောင်မျိုးပွားမွေးမြူရေးစနစ်ဖြင့် ထိန်းသိမ်းကာကွယ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံတွင် ကြယ်လိပ်စုစုပေါင်း ၁၄,၃၂၁ အကောင်အထိ တိုးပွားလာကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မှ ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဦးကဆင်ဟွာသို့ ဩဂုတ် ၄ ရက်၌ ပြောသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့သစ် လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်ခြံတွင် ပေါက်ဖွားခဲ့သော ရင်ချင်းဆက်အမြွှာ ကြယ်လိပ်နှစ်ကောင် အား ၂၀၂၀ပြည့်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာ့မျိုးရင်း ရှားပါးကြယ်လိပ်ကလေး ဥမှပေါက်ဖွားလာမှုကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာ့မျိုးရင်း ရှားပါးကြယ်လိပ်ကလေး ဥမှပေါက်ဖွားလာမှုကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

၂၀၀၀ပြည့်နှစ် ဝန်းကျင်များတွင် မြန်မာ့ကြယ်လိပ်များ၏ ကျက်စားရာနယ်မြေများ ပျက်စီးလာခြင်းနှင့် အလွန်အကျွံ ဖမ်းဆီးခံရခြင်းတို့ကြောင့် အကောင်ရေများ လျော့နည်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

“မျိုးသုဉ်းဖို့အန္တရာယ် နီးကပ်လာတဲ့အတွက် ခြံလှောင်မျိုးပွား မွေးမြူတဲ့စနစ်နဲ့ ထိန်းသိမ်းကာကွယ်ခဲ့တဲ့အတွက် အခုချိန်မှာတော့ ဥယျာဉ်နဲ့ ဘေးမဲ့တောတွေမှာ စုစုပေါင်း မြန်မာ့ကြယ်လိပ် ၁၄,၃၂၁ ကောင်အထိ တိုးပွားလာခဲ့ပြီး ကြယ်လိပ်ကောင်ရေတွေ ပြန်လည်များပြားလာခဲ့ပါပြီ” ဟု ဦးသန့်ဇော်ဦးကပြောသည်။

မြန်မာ့ကြယ်လိပ်၏ဒေသအမည်များ
မြန်မာ့ကြယ်လိပ်အား ဒေသသုံးအမည်များအဖြစ် မြလိပ်၊ ဆီချိုလိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်းခေါ်ဝေါ်ကြကြောင်း သိရသည်။ ကြယ်လိပ်သည် မြန်မာနိုင်ငံ၏ ဒေသရင်းမျိုးစိတ် (Endemic Species) ဖြစ်ကြောင်း သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မှ သိရသည်။

ကြယ်လိပ်များမျိုးပွားချိန်
ကြယ်လိပ်များသည် သဘာဝအရ ဇွန်လ မှ စက်တင်ဘာလအတွင်း မိတ်လိုက်ကြကြောင်း သိရသည်။မေလလယ် မှ စက်တင်ဘာ လအတွင်း ဥဥချကြပြီး တစ်ကြိမ်လျှင် ဥအလုံးရေ (၁)လုံးမှ (၁၆) လုံးအထိ ဥလေ့ရှိကြောင်း သိရသည်။
“ကျွမ်းကျင်ပညာရှင်တွေ ရဲ့ အစီအမံတွေနဲ့ ကြယ်လိပ်တွေကို တစ်နှစ်ပတ်လုံး မိတ်လိုက်ဖို့အတွက် ဆောင်ရွက်နိုင်ပါတယ်”ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

သားပေါက်ချိန်
ကြယ်လိပ်များ၏ ကိုယ်ဝန်ဆောင်ချိန်မှာ ၁၉၇ ရက်ဖြစ်ပြီး မိခင်နှင့် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ ၁၇၂ ရက်မှ ၂၅၁ ရက်အတွင်း ပြောင်းလဲနိုင်သည်။ မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးရွာသော အချိန်များ၌ ၎င်းတို့ဥထားသော ဥများမှ သားပေါက်ပြီး သားပေါက်များ ဥကျင်းမှထွက်လာကြကြောင်း သိရသည်။
“သားပေါက်တွေမှာ အထီးနဲ့ အမ အချိုးက အပူချိန်ပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ ဟန်ချက်ညီတဲ့ အထီးအမ အချိုးက ခန့်မှန်းအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ခန့်ဖြစ်ပါတယ်။ အပူချိန်နိမ့်ရင် အထီးအရေအတွက် ပိုများပြီး၊ အပူချိန်မြင့်ရင် အမအရေအတွက် ပိုများပါတယ်” ဟု ဦးသန့်ဇော်ဦးက ဖြည့်စွက်ပြောကြားသည်။

အကောင်ရေတိုးပွားလာ
မြန်မာ့ကြယ်လိပ်များကို ၁၉၉၉ခုနှစ်၌ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကြယ်လိပ် အထီး ၆ ကောင်၊ အမ ၆ ကောင် စုစုပေါင်း ၁၂ ကောင် ၊ မင်းစုံတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကြယ်လိပ် အထီး ၆ ကောင်၊ အမ ၆ ကောင် စုစုပေါင်း ၁၂ ကောင်နှင့် ၂၀၀၁ ခုနှစ်၌ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တွင် ကြယ်လိပ် အထီး ၄၂ ကောင်၊ အမ ၄၀ ကောင် စုစုပေါင်း ၈၂ ကောင် စတင်မွေးမြူခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၁,၆၆၆ ကောင်၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၄,၀၅၈ ကောင်နှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ၈,၅၉၇ ကောင်ရှိခဲ့ကာ စုစုပေါင်း မြန်မာ့ကြယ်လိပ် ၁၄,၃၂၁ ကောင်အထိ တိုးပွားလာခဲ့ကာ ခြံလှောင်မွေးမြူထိန်းသိမ်းထား လျက်ရှိကြောင်း သိရသည်။

အကျိုးကျေးဇူး
ကြယ်လိပ်မျိုးစိတ်များအပါအဝင် လိပ်မျိုးစိတ်များသည် အပင်မျိုးစိတ်များနှင့် မှိုမျိုးစိတ်များပျံ့ပွားနိုင်ရန်အတွက် မျိုးစေ့များ၊ ဝတ်မှုန်၊ ဝတ်ဆံများနှင့် ပိုးမွှားများကို ပျံ့နှံ့သယ်ဆောင်ပေး နိုင်ကြောင်း သိရသည်။

“လိပ်တွေက ရှေးအစဉ်အဆက်ကတည်းက လူသားမျိုးနွယ်ကို တိုက်ရိုက်နည်းနဲ့သော်လည်းကောင်း၊ သွယ်ဝိုက်သော နည်းနဲ့သော်လည်းကောင်း အကျိုးပြုပါတယ်။ ရေကိုညစ်ညမ်းစေတဲ့ ဓာတ်သတ္တုတွေ ၊ရေညှိရေမှော်တွေ၊ အင်းဆက်ပိုးမွှားတွေကိုစားတဲ့အတွက် လူသားတွေ မှီခိုအသုံးပြုနေတဲ့ မြစ်၊ချောင်း၊ အင်း၊ အိုင် တွေကို သန့်စင်ပေးတဲ့အတွက် ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ပေးနေပြီး လူသားတွေအပေါ် အကျိုးကျေးဇူးတွေ ရှိတဲ့အတွက် စဉ်ဆက်မပြတ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့လိုအပ်ပါတယ်” ဟု ဦးသန့်ဇော်ဦးကရှင်းပြသည်။

“ကြယ်လိပ်မျိုးစိတ်တွေကို ထိန်းသိမ်းခြင်းအားဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့ မြန်မာ့ ကြယ်လိပ်တွေဟာ မြန်မာနိုင်ငံမှာသာ ရှင်သန်ကျက်စားတဲ့ ဒေသမျိုးရင်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ တန်ဖိုးရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲ သယံဇာတ တွေ ပျောက်ကွယ်သွားနိုင်မှု မရှိတော့မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ကြယ်လိပ်များ၏သက်တမ်း
မြန်မာ့ကြယ်လိပ်များသည် မြန်မာနိုင်ငံအတွင်းတွင်သာ ရှင်သန်ကျက်စားသည့် ဒေသရင်းဖွားမျိုးစိတ် (Endemic Species) တောရိုင်းတိရစ္ဆာန်မျိုးစိတ်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ကြယ်လိပ်သည် သုတေသန မှတ်တမ်းများအရ နှစ်ပေါင်း ၅၀ ကျော် ခန့် ရှင်သန်နိုင်ပြီး အသက်ရှည်မှုမှာ ၎င်းအပေါ်စောင့်ရှောက်မှုနှင့် ၎င်းနေထိုင်သည့် ပတ်ဝန်းကျင် အပေါ်အခြေအနေပေါ်များစွာ မူတည်ကြောင်း သိရသည်။

ကြယ်လိပ်များအား ပြန်လွှတ်ပေး
သဘာဝတောများအတွင်း ကြယ်လိပ်ကောင်ရေ ပြန်လည်တိုးပွားလာစေရန်အတွက် မြန်မာကြယ်လိပ်များ ကောင်းမွန်စွာ ရှင်သန်ကျက်စားနိုင်မည့် ၎င်းတို့၏ နေရင်းဒေသများသို့ ပြန်လွှတ်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၂,၇၅၀ ကောင်နှင့်၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ၁,၁၀၀ ကောင် စုစုပေါင်း ၃,၈၅၀ ကောင်ကို သဘာဝတောအတွင်း သို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သဘာဝဝန်းကျင်နှင့်သားငှက်တိရ စ္ဆာန်ထိန်းသိမ်းရေးဌာနမှ သိရသည်။

ဥပဒေ
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ အရ သစ်တောဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၆၉၀/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသည့် မြန်မာတစ်နိုင်ငံလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကြယ်လိပ်များကိုလုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်အဖြစ် သတ်မှတ်၍ ထိန်းသိမ်းကာကွယ်ထားကြောင်း သိရသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့ တွင်လည်း မျိုးသုဉ်းလုနီးပါးမျိုးစိတ် (Critically Endangered) အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ထားသော မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း တွင် နောက်ဆက်တွဲ (က)မျိုးစိတ် အဖြစ် ထည့်သွင်းသတ်မှတ်၍ ကုန်သွယ်မှုအရလည်း ကာကွယ်မှုအဆင့်အတန်း အမြင့်ဆုံးအဖြစ် ထိန်းသိမ်းကာကွယ်ထားကြောင်း သဘာဝဝန်းကျင်နှင့်သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ သိရသည်။

ဦးသန့်ဇော်ဦးက “ဥပဒေပုဒ်မ ၄၁ အရ ဘယ်သူပဲဖြစ်ဖြစ် ကြယ်လိပ်တွေကို အမဲလိုက်တာ၊ သတ်ဖြတ်တာ ဒါမှမဟုတ် အနာတရဖြစ်စေတာ၊ စုဆောင်းတာ၊ ရောင်းချတာ သို့မဟုတ် တစ်နည်းနည်းနဲ့ လွှဲပြောင်းတာ၊ ကြယ်လိပ်ကိုဖြစ်စေ၊ ကြယ်လိပ်ရဲ့ အစိတ်အပိုင်းကိုဖြစ်စေ၊ သွေးရည်ကိုဖြစ်စေ ဆင့်ပွားထုတ်လုပ်ထားတဲ့ ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိတာ ဒါမှမဟုတ် သယ်ဆောင်တာ၊ ရောင်းချတာ ပြုလုပ်ရင် အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သလို ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်” ဟု ပြောသည်။ (Xinhua)