Connect with us

Politics, Law & Military

တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် သဘောတူညီချက်များအား လက်မှတ်ရေးထိုးကြစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တပ်မတော်၏ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီအား ဥက္ကဋ္ဌ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် အတွင်းရေးမှူး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။

ယခုအချိန်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ခြင်း၊ COVID – 19 ကပ်ရောနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်း၊ နိုင်ငံတော် အတွက် ထာဝရ ငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာလည်း မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ခြင်းတို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်ရေးထိုးရန် ဆက်လက်ဆွေးနွေးနေဆဲဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အမြန်ဆုံးဆက်လက်ဆွေးနွေးရန် လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်၍တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် ရှိလာပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီအား အဆိုပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား NCA လက်မှတ်ရေးထိုး နိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရငြိမ်းချမ်းရေး အောင်မြင် ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆွေးနွေးသွားရန်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ် ခဲ့ကြောင်း ၊ ၎င်းအစည်းအဝေးအပါအဝင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် အစည်း အဝေးများမှ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၃ ပိုင်း၊ သဘောတူညီချက်စုစုပေါင်း ၅၄ ချက် ရရှိခဲ့ကြောင်း နှင့် ၎င်းသဘော တူညီချက်များနှင့် ကျန်ရှိသည့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များအား ဆက်လက်ဆွေးနွေးရန်ဖြစ်သော်လည်း COVID-19 ကပ် ရောဂါဖြစ်ပွားခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ဆောင်ရွက်လျက်ရှိခြင်းများကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များအား ဆက်လက်ဆောင်ရွက်ရန် အခိုက်အတန့်အားဖြင့် ရပ်ဆိုင်းသကဲ့သို့ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)