Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခုံရွှမ်ယို့ မှ မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေနှင့် ပတ်သက်သော မေးခွန်းများ ဖြေကြားချက်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခုံရွှမ်ယို့ ဆင်ဟွာ သတင်းဌာန မှ မေးခွန်းအား ဖြေကြားစဉ်

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)

မတ်လ (၁) ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခုံရွှမ်ယို့ (Kong xuanyou) သည်လက်ရှိမြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေနှင့် ပတ်သက်၍ ဆင်ဟွာ သတင်းဌာန၏ မေးခွန်းများ ဖြေကြားခဲ့သည်။

ခုံရွှမ်ယို့မှ ယခုနှစ်ဖေဖော်ဝါရီလ (၉) ရက်နေ့မှစ၍ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်ခဲ့ပြီး ယခုချိန်အထိ တည်ငြိမ်မှုပြန်လည်မရရှိသေးကြောင်း၊ တိုက်ပွဲဖြစ်သော နေရာတချို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်နိမိတ်နှင့်နီးကပ်သဖြင့် နယ်စပ်ဒေသတွင် နေထိုင်ကြသော မြန်မာပြည်သူများသည် တိုက်ပွဲတိမ်းရှောင်ရန် တရုတ်နိုင်ငံသို့ဝင်ရောက်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသထိန်းသိမ်းရန်နှင့် လုံခြုံရေးစောင့်ရှောက်ရန်အခက်အခဲနှင့် ဖိအားရှိလာကြောင်း၊ တိုက်ပွဲများ ဖြစ်ပေါ်သည့် အချိန်ကာလတွင် မြန်မာနိုင်ငံသို့ရောက်ရှိသော တရုတ်ပြည်သူများနှင့် ၎င်းတို့ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုရှိခဲ့ရကြောင်း၊ ထိုအခြေအနေများကို တရုတ်အစိုးရအနေဖြင့်အထူးအလေးထားဂရုစိုက်ကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့် အဆင့်ဆင့်နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်ပြီး နှစ်ဘက်နိုင်ငံမှ သက်ဆိုင်ရာကို ထိန်းချုပ်ကာ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့်တည်ငြိမ်ရေး ဆက်လက် မထိခိုက်အောင် ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရထံသို့ ဆွေးနွေးပြောကြားခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်အဖွဲ့အစည်းနှင့် တရုတ်ပြည်သူများ၏လုံခြုံရေးကို ကာကွယ်နိုင်ရန်မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံမှ လူသားချင်းစာနာသော စေတနာဖြင့် တရုတ်နိုင်ငံသို့ဝင်ရောက်လာသော မြန်မာပြည်သူများအား လိုအပ်သော အကူအညီများပေးခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်လက် နီးကပ်စွာဆက်သွယ်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ခုံရွှမ်ယို့ အနေဖြင့် မြန်မာ့တပ်မတော်နှင့် တိုက်ခိုက်နေသော မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် တရုတ်အောက်ခြေအဆင့် ဌာနအဖွဲ့အစည်းအကြား ဆက်ဆံမှုရှိသည်ဟူသော သတင်းဖော်ပြချက်သည် အဖြစ်မှန်မဟုတ်ရုံသာမက တရုတ်နိုင်ငံ၏ မူဝါဒနှင့် မကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံ၏ပြည်တွင်းရေးကိစ္စကို မစွက်ဖက်သည့်မူဝါဒကို အစဉ်အမြဲ လိုက်နာကြောင်း၊ မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို တရုတ်နယ်မြေကိုအသုံးပြု၍ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေး ထိခိုက်စေသောဆောင်ရွက်မှုကို လုံးဝခွင့်မပြုကြောင်း၊ ထို့ပြင် တရုတ်-မြန်မာနှစ်နိုင်ငံသည် ကိုလိုနီသိမ်းပိုက်အုပ်ချုပ်ခံရသော သမိုင်းရှိခဲ့သောကြောင့် မတည်ငြိမ်မှု၏ဒုက္ခနှင့် တည်ငြိမ်မှု၏အကျိုးဖြစ်ထွန်းမှု သဘောကို နက်ရှိုင်းစွာနားလည်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်းနှင့် အခြားနိုင်ငံတွင် မတည်ငြိမ်မှု ဖြစ်ပေါ်စေသောလုပ်ဆောင်မှုများကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲပြည့်စုံမှု ကိုအမြဲလေးစားကြောင်း ၊ တရုတ်မြန်မာနှစ်နိုင်ငံသည် ကီလိုမီတာ (၂၂၀၀) ကျော်ရှည်လျားသော နယ်နိမိတ်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေသည် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်တိုးတက်ရေးနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း၊ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးမှုဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးရရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သောအခြေခံ ဖန်တီးနိုင်ရန် တရုတ်နိုင်ငံအနေဖြင့်မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အကူအညီပေးပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းထိန်းသိမ်းနိုင်ရန် အတွက်လည်းဆန္ဒရှိကြောင်း ခုံရွှမ်ယို့မှအလေးထား ပြောကြားခဲ့သည်။

တရုတ်-မြန်မာချစ်ကြည်ရေးသည် အခက်အခဲများကို ကျော်လွှားနိုင်ပြီး ယနေ့အချိန်အထိ ကောင်းမွန်စွာတိုးတက်လာရခြင်း၏ အခြေခံအချက်တစ်ချက်မှာ နှစ်ဦးနှစ်ဘက်အနေဖြင့် နယ်ပယ်စုံ ရေရှည် အကျိုးကိုထည့်သွင်းစဉ်းစားပြီး မည်သည့်အခက်အခဲနှင့်ပြောင်းလဲမှုကိုမဆို အချင်းချင်းနားလည်လေးစားသော ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ကောင်းမွန်စွာတိုးတက်နေကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် အကြိမ်ကြိမ်တွေ့ဆုံပြီး တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်ရန် အရေးကြီးသောသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့်မြန်မာနိုင်ငံအပေါ် ထားရှိသော ချစ်ကြည်ရေးမူဝါဒအား ဆက်လက်၍ခိုင်ခိုင်မာမာဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များကိုကောင်းမွန်စွာ အကောင်အထည်ဖေါ်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ပြုလုပ်ခြင်းဖြင့် တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ကိုတွန်းအားပေးမည် ဖြစ်ကြောင်း၊ ကျွန်တော်တို့အနေဖြင့် မြန်မာနိုင်ငံ နှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဒေသငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုပေါင်းစုံ ဆောင်ရွက်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်သောပြည်သူများ အေးချမ်းပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရေးနှင့် ဒေသလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန်ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီးနိုင်ရန် ဆန္ဒရှိကြောင်းပြောကြာခဲ့သည်။ (Xinhua)