Connect with us

Politics, Law & Military

ဒီမိုကရေစီ နိုင်ငံတော်ပေါ်ထွန်းလာစေရေး ကြိုးပမ်း ကြရန် သမ္မတ သဝဏ်လွှာ ပေးပို့

နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ် သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း အနှစ် (၇၀) ပြည့် လွတ်လပ်ရေး နေ့အခမ်းအနားသို့ နိုင်ငံတော် သမ္မတက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ရာတွင် တိုင်းရင်းသား အားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနှင့် ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးနိုင်ခြင်းဆိုသည့် မူများအပေါ် အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်း လာရေးကို မျှော်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိပေသည်။ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျော်ကန် သင့်မြတ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်” ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ၂၀၁၈ ခုနှစ်၊ နှစ်(၇၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြ ပါရှိပြီး အဆိုပါ သဝဏ်လွှာအား ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ဖတ်ကြားခဲ့သည်။

သမ္မတ၏ သဝဏ်လွှာ၌ – “နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံရေး တည်ငြိမ်မှု၊ နိုင်ငံ သာယာဝပြောမှု၊ တိုင်းရင်းသားပြည်သူအပေါင်း သွေးစည်းညီညွတ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ စားဝတ်နေရေးဖူလုံမှု၊ ယဉ်ကျေးမှုအမွေအနှစ် အစဉ်အလာ ကောင်း များကို ထိန်းသိမ်းစောင့်ရှောက်မှု အစရှိသည်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးအတွက် များစွာ အရေးပါလှသော အဓိကမောင်းနှင်အား တစ်ရပ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝလည်း တိုးတက် ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အဓိကအကျဆုံး အချက်သည် တိုင်းရင်း သားညီအစ်ကိုမောင်နှမ များအားလုံး၏ သွေးစည်းညီညွတ်မှုစွမ်းပကားပင် ဖြစ်ရာ ရရှိပြီး လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးသည်လည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး၏ သွေးစည်းညီညွတ်မှုဖြင့်သာ ဆောင်ကြဉ်းနိုင် မည်ဖြစ်ကြောင်း သို့ဖြစ်သည့် အလျောက် ပြည်ထောင်စုကြီးအတွင်း ဥမကွဲသိုက်မပျက် ရာသက်ပန် ပူးပေါင်းနေထိုင်သွားနိုင်ရန်၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး တိုင်းရင်းသား အားလုံးတန်းတူညီမျှ အခွင့်အရေးရရှိရန် တိုင်းရင်းသား ပြည်သူ တစ်ရပ် လုံးက အလေးအနက်ခံယူလျက် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ပူးပေါင်း ပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါကြောင်း” – လည်း ဖော်ပြပါရှိသည်။

….. ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်းကာကွယ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန် စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ရေး၊နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် “ထာဝရငြိမ်းချမ်းရေး” ပန်းတိုင်သို့ ရောက်ရှိ အောင် ပြည်ထောင်စု တိုင်းရင်းသားအားလုံးမှ နိုင်ငံတော်နှင့်အတူ ပူးပေါင်းပါဝင်ရေး၊ စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကို အားပေး မြှင့်တင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး ….. ဟူသော အမျိုးသားရေးဦးတည်ချက် ငါးရပ်ဖြင့် ကျင်းပသည့် နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် ၄ း ၂၀ နာရီတွင် နေပြည်တော် မြို့တော် ခန်းမ၌ ကျင်းပခဲ့ပြီး နံနက် ၇ း ၀၀ နာရီတွင် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို ဒုတိယ သမ္မတ (၁)က ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယ သမ္မတနှင့် အတူ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော် အရာရှိကြီးများ၊ အရပ်ဘက် နယ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်း ဦးရေ သုံးထောင်ခန့် တက်ရောက်ခဲ့ကြပြီး လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ထူးဆောင် ချီးမြှင့်ပွဲနှင့် ညစာစားပွဲ နိုင်ငံတော် သမ္မတ အိမ်တော်တွင် နေ ၆ း ၀၀ နာရီ၌ ကျင်းပ သွားမည် ဖြစ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ ပျော်ပွဲ ရွှင်ပွဲများအား နေပြည်တော် အ ထ က (၁၁) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.