Politics, Law & Military
နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျနေသည့် နယ်စပ်ဒေသများ၌ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စရီနားတား နီကိုလာလော့ဒ် ဒက်ဆဲလ် လီယန်တို့ ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့ ခဲ့ကြသည့် ဒေသတွင်းနေ နှစ်ဖက်လူ့အဖွဲ့အစည်း များ၏ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ပြန်လည် နေရာချထားရေး လုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ သတင်းမီဒီယာများ လွတ်လပ်စွာ သတင်း ရယူနိုင်ရေးနှင့် ရခိုင်ပြည်နယ်၏ ပကတိ အခြေအနေ မှန်များကို နိုင်ငံတကာမှ သိရှိစေရန် အတွက် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးကြကြောင်း သိရသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စရီနားတား နီကိုလာလော့ဒ် ဒက်ဆဲလ် လီယန်အား အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။(Xinhua)