Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ အပါအဝင် နိုင်ငံ့ ခေါင်းဆောင်များ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြား 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ ဒုတိယသမ္မတများ ဖြစ်သည့် ဦးမြင့်ဆွေ ၊ ဦးဟန်နရီဗန်ထီးယူ ၊ ပြည်သူ့လွှတ်တော် ဉက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏  နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားတွင် “ဒီကနေ့နိုင်ငံတော်မှာ အကြောင်းကြောင်း ကြောင့် တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းများ၊ စိန်ခေါ်မှုများကိုလည်း အမှန်တရား၊ တရားမျှတမှုနဲ့ ရိုးသားပွင့်လင်းမှုတို့ကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းအားဖြင့် အောင်မြင်စွာ ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့် လုပ်ငန်းစဉ်များတွင် ပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန် ၎င်းက ပြောကြားခဲ့သည်။

 ဒုတိယသမ္မတ ဦးမြင့်ဆွေက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားစဉ်(ဓာတ်ပုံ – Myanmar President Office)

ဒုတိယသမ္မတ ဦးမြင့်ဆွေက “၂၀၂၀ ပြည့်နှစ် နှစ်သစ်အခါ သမယမှာ အမိပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီး နှင့် တကွ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံး ဘေးဘယာကင်းဝေး ကြပါစေ၊ အားလုံးမျှော်လင့် တောင့်တ နေကြသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးကို အမြန်ဆုံးရရှိပြီး သာယာ ဝပြောသည့် နိုင်ငံတော်ကြီး တည်ဆောက် နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ် ပါတယ်။”ဟု နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားစဉ်(ဓာတ်ပုံ – Myanmar President Office)

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက “ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းရဲ့ အတွေ့အကြုံကို အခြေခံကာ ပြည်ထောင်စု တိုင်းရင်းသား သွေး ချင်းများအချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု၊ နားလည် ယုံကြည်မှုများနဲ့အတူ နှစ်သစ်မှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကျော်လွှားရင်ဆိုင်ဖြတ်သန်းနိုင်ကြပြီး အခွင့်အလမ်း ကောင်းတွေ ကိုလည်း ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။”ဟု နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားစဉ်(ဓာတ်ပုံ -The Mirror Daily)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့အချိန်အခါသည် မိမိတို့ နိုင်ငံအတွက် ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့သည် မရှိမဖြစ် အရေးတကြီး လိုအပ် နေသည့် အရာများ ဖြစ်ကြောင်း ၊ မိမိတို့ အားလုံးသည် မှန်ကန်မျှတသည့် သဘောထား အမြင်များကိုအခြေခံပြီး နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည် ဆိုပါက ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီးကို မလွဲမသွေ တည်ဆောက် နိုင်မည် ဖြစ်ကြောင်း နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားစဉ်(ဓာတ်ပုံ – The Mirror Daily)

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “ယခုလို နှစ်သစ်ကူးအချိန်ခါမှအစပြု၍ နိုင်ငံသူ နိုင်ငံသားများ အနေဖြင့်လည်း အတိတ်ကာလတွင် မိမိတို့ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၏ အားနည်းချက်၊ အားသာချက်များ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲ များနှင့် စိန်ခေါ်မှုအမျိုးမျိုးတို့အပေါ် သင်ခန်းစာအဖြစ် မှတ်ယူ၍ အနာဂတ် တွင် အောင်မြင်မှုအခွင့်အလမ်းကောင်း များ ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။”ဟု နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားစဉ်(ဓာတ်ပုံ – The Mirror Daily)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ်သည် နိုင်ငံအတွက် ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း ၊ နိုင်ငံရေးအတွက်သော်လည်းကောင်း အရေးပါသည့် နှစ်တစ် နှစ်ဖြစ်ကြောင်း ၊ တပ်မတော်အနေဖြင့် အကောင်းဆုံး ဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားမည်ဟု နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)