Connect with us

Politics, Law & Military

ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးနိုင်ဖွယ်ရှိဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သတ်ပြီး မိန့်ခွန်းပြောကြားစဉ်(MWD)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(သြဂုတ် ၁ရက်)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်သည့် ပြောကြားသည့် မိန့်ခွန့်တွင် ထည့်သွင်းပြောကြားခဲ့သည်။“ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာတိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက်ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာ ပါပဲ” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပေးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် နောက်ဆုံးလုပ်ငန်းစဉ်သည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီကို ဒီမိုကရေစီစံနှုန်းမျာနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ် နိုင်ရေး ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

“ဒီလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ဟာ လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်။ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်ဆိုတာ ကတိပြုပါတယ်” ၎င်းကပြောသည်။

လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာစေရန် အခြေခံ လိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်ကြောင်း၊တည်ငြိမ်အေးချမ်းရေးသည် နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးအရ တည်ငြိမ် အေးချမ်းမှုတွေ လိုအပ်မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးမှာလည်း တည်ဆဲဥဒေများကိုလေးစားလိုက်နာပြီး စည်းကမ်းပြည့်ဝသည့် အလေ့အထ ကောင်းများ ရရှိလာစေရန် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းအတွင်းထည့်သွင်းပြောကြားသည်။

“အကြမ်းဖက်အဖြစ်ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

အာဆီယံနှင့် ဆက်ဆံဆောင်ရွက်သည့် အခြေအနေသည် ဧပြီလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး သဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ကြောင်း ယင်းထဲမှ လုပ်သင့်လုပ်ထိုက်တာများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊ အာဆီယံ၏ အထူးကိုယ်စားလှယ်အဖြစ်ထားရှိရန် မူလအဆိုပြုထားသည့် ၃ ဦးအနက် ထိုင်းနိုင်ငံ၊ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဗွီရာစပ် ဖူတရာကူလ် (Mr. Virasakdi Futrakul)ကို သဘောတူ ထားပြီးသားဖြစ်သော်လည်း အကြောင်းအမျိုးမျိုးနဲ့ အဆိုပြုမှုအသစ်များ ထပ်လာ ခဲ့၍ ရှေ့မတိုးနိုင်သေးကြောင်း၊ အာဆီယံ အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ပြီး တွေ့ဆုံဆွေးနွေးရေး အပါအဝင် အာဆီယံနှင့် ပူးပါင်းဆောင်ရွက်ရေးကို အာဆီယံမူဘောင်အတွင်းက ဆောင်ရွက်ရန် အသင့်ရှိကြောင်း ၎င်းကပြောသည်။

မကြာမီရက်ပိုင်း အတွင်း ပြုလုပ်ပြီးခဲ့သော ရွေးကောက်ပွဲတွေ့ရှိချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်များကို မျက်မြင်ရှင်းပြရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ဆက်လက်ပြီး COVID-19 ရောဂါနှင့်ပတ်သတ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အနေဖြင့် COVID-19 လူနာလက်ခံကုသရန် နေရာ ၁၂၇၈ ခုတွင် လူဦးရေ ၃၉၀၀၀ ဦး လက်ခံ ကုသနိုင်ရန် ပြင်ဆင်ထားရှိသလို အရပ်ဘက်အနေနှင့်လည်း ၁၄၅၃ နေရာတွင် လူဦးရေ ၇၁၅၀၀ ဦး လက်ခံနိုင်ရန် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ community COVID positive Center တွေကို လိုအပ်ချက်ရှိသလောက် တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကူးစက်မှုကာကွယ်ရေးနှင့် ပျံ့ပွားမှုနှုန်း လျော့ကျရန်အတွက် ပြည်သူတွေအနေနှင့် ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ရေပြည့်အောင် စနစ်တကျ ထိုးနှံရန်လည်း လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၇-၁-၂၀၂၁ မှ ၂၁-၇-၂၀၂၁ ခုနှစ်အထိ ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးမှာ ကာကွယ်ဆေး ထိုးနှံပေးခဲ့တဲ့အခါမှာ လူဦးရေ ၁,၈၂၅,၆၄၂ ဦး(တစ်သန်း ရှစ်သိန်းကျော်) (ဦးတည်လူဦးရေရဲ့ ၆.၀၈%) ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက်ပြီး COVID-19 ရောဂါကာကွယ်ဆေးများကို များများနဲ့မြန်မြန် ထိုးနှံပေးနိုင်အောင်လည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကို တာဝန်ယူ ခဲ့တာ (၆)လ ရှိပြီဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ် အမှတ်(၁)အရ လိုအပ်တဲ့ စစ်ဆေးမှုများဆောင်ရွက်ပြီးဖြစ်လို့ တာဝန်ရှိသူများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့် ကျန်ရှိနေတဲ့ရှေ့လုပ်ငန်းစဉ် များနဲ့ ဦးတည်ချက်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက်
ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားဖို့ရှိကြောင်း အသိပေးလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်(Xinhua)

#ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ, #ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်,#နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ,#Xinhuamyanmar#ဆင်ဟွာ