Politics, Law & Military
မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ် ကော်မတီကို အဖွဲ့ဝင် ၁၄ဦးဖြင့် ဖွဲ့စည်း
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
မြန်မာ-ထိုင်း နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များကို နိုင်ငံတော်မှ ချမှတ်ပေးသော မူဝါဒလမ်းညွှန်ချက်များနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကေ်ာမတီကို အဖွဲ့ဝင် ၁၄ဦးဖြင့် ယနေ့ ဖွဲ့စည်းလိုက်သည်။
အဆိုပါ မြန်မာ – ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီ၏ လုပ်ငန်းတာဝန်များသည် မြန်မာနိုင်ငံတော်အစိုးရအဖွဲ့က ချမှတ်ပေးသော မူဝါဒဘောင်အတွင်း မြန်မာ-ထိုင်း နယ်နိမိတ်များ တိုင်းတာသတ်မှတ်ရေး၊ မြစ်၊ ချောင်းရေ အသုံးချရေး၊ မြစ်၊ ချောင်းအတွင်း သွားလာရေးတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံအခြေခံသဘောတူညီချက်များ ရရှိရေးအတွက် နည်းလမ်း ရှာဖွေရေး ကိစ္စတို့ကို တာဝန်ယူဆောင်ရွက်ရန်၊ ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းရရှိမှုကို အခြေပြု၍ နယ်နိမိတ် သတ်မှတ်ခြင်း၊ မြစ်၊ ချောင်းရေ အသုံးချခြင်း၊ မြစ်၊ ချောင်းအတွင်း သွားလာခြင်းတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံ အခြေခံ သဘောတူညီချက်များ ရရှိရေးအတွက် နည်းလမ်းများ ရှာဖွေရာတွင် လိုက်နာရမည့် လုပ်ထုံး လုပ်နည်းများကို ချမှတ်ရန်တို့ဖြစ်သည်။
မြန်မာ-ထိုင်း နယ်နိမိတ်များ တိုင်းတာ သတ်မှတ်ရေးနှင့် ပတ်သက်၍ နယ်နိမိတ်စာချုပ်များ ရေးဆွဲ ချုပ်ဆိုနိုင်သည်အထိ လုပ်ငန်းကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်နိမိတ် မြစ်၊ ချောင်းများမှ ရေ အသုံးချရေး၊ မြစ်၊ ချောင်းအတွင်း သွားလာရေးကိစ္စတို့နှင့် ပတ်သက်၍ လိုအပ်သည့် စာချုပ်ရေးဆွဲ ချုပ်ဆိုရေး ကိစ္စများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်၊
နယ်နိမိတ် တိုင်းတာရေးအဖွဲ့များ၊ စီမံခန့်ခွဲရေး အဖွဲ့များနှင့် လုပ်ငန်းအရ လိုအပ်သော အခြား အဖွဲ့ငယ်များကို ဖွဲ့စည်းခြင်း၊ ဖျက်သိမ်းခြင်းနှင့် ယင်းအဖွဲ့များ လိုက်နာရမည့် လုပ်ထုံး လုပ်နည်းများ စည်းကမ်းများ ချမှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများကို ဆောင်ရွက်ရန်တို့လည်း အဆိုပါ ကော်မတီ၏ တာဝန်များဖြစ်သည်။
ယင်း ကော်မတီ၏ တာဝန်ဖြစ်သော မြန်မာ-ထိုင်း နယ်နိမိတ် သတ်မှတ်ခြင်း၊ မြစ်၊ ချောင်းရေ အသုံးချခြင်း၊ မြစ်၊ ချောင်းအတွင်း သွားလာခြင်းကိစ္စတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံ အခြေခံသဘောတူညီချက်များ ရရှိရေးအတွက် နည်းလမ်းများ ရှာဖွေရာတွင် အခက်အခဲ ပေါ်ပေါက်ပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန်၊ မြန်မာ-ထိုင်း ပူးတွဲ နယ်နိမိတ် ကော်မတီဝင်အသစ်များ၊ အကြံပေးပုဂ္ဂိုလ်များကို ခန့်ထားလိုပါက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြရန်၊ မြန်မာ-ထိုင်း ပူးတွဲ နယ်နိမိတ် ကော်မတီသည် မိမိ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ် ခန့်မှန်းခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရသုံးမှန်းခြေ ငွေစာရင်းတွင် ထည့်သွင်း တောင်းခံရန်နှင့် ခွင့်ပြုချက် ရရှိသော ရန်ပုံငွေကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များအတိုင်း ခွဲေ၀ သုံးစွဲရန်နှင့် နိုင်ငံတော် နယ်နိမိတ်ကို ပြင်ဆင်ရန် လိုအပ်ပါက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရန်တို့လည်းဖြစ်သည်။(Xinhua)