Connect with us

Politics, Law & Military

ရပ်/ကျေး ဥပဒေရှိ ဧည့်စာရင်းတိုင်ရန် ပုဒ်မ ကို လွှတ်တော်က ပယ်ဖျက်

ပြည်သူလွှတ်တော်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အမျိုးသား လွှတ်တော်က ပြည်သူ့လွှတ်တော်သို့ပြန်လည်ပေးပို့ခဲ့သော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါရှိသည့် ဧည့်သည်များ ဧည့်စာရင်း တိုင်ရမည့် ပုဒ်မ ၁၃(ဆ) အား စက်တင်ဘာလ ၁၉ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးက ပယ်ဖျက်ခဲ့သည်။

အခြားရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စုမှ ညဉ့်အိပ် ညဉ့်နေ လာရောက် တည်းခိုသော ဧည့်သည်များ အတွက် ဧည့်စာရင်းတိုင်ကြားခြင်း၊ တိုင်ကြားခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်ပါက အရေးယူခြင်း တို့ပါဝင်သည့် ပုဒ်မ ၁၃ (ဆ) အား ပယ်ဖျက်ခြင်းကို ပြည်သူ့လွှတ်တော်၌ ဆန္ဒမဲ ကောက်ယူသည့်အခါ ထောက်ခံမဲ ၂၃၅ မဲ၊ ကန့်ကွက်မဲ ၁၅၅ မဲ၊ ကြားနေမဲ ၄ မဲတို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ပုဒ်မ ၁၃ (ဆ) ကို ဆက်လက်ထားရှိ သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေ နှင့် ရခိုင်ပြည်နယ် ပေါက်တော မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံတို့က ဆွေးနွေး တင်ပြခဲ့ကြသော်လည်း အမျိုးသား လွှတ်တော်၏ အဆိုပြု ပြဌာန်းချက်အတိုင်း ပြည်သူ့လွှတ်တော်က ထောက်ခံမဲ အများစုဖြင့် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
ဧည့်စာရင်းတိုင်ခြင်းကို ပယ်ဖျက်လိုက်သော်လည်း “ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု အတွင်း တစ်လ နှင့် အထက် ကျော်လွန်၍ လာရောက် တည်းခို နေထိုင်သူများ ရှိပါက လူမှု ထောက်ကူ ပြုနိုင်ရန်အတွက် သတ်မှတ်နည်းလမ်းများနှင့် အညီအသိပေး အကြောင်းကြားရမည်။” ဟူသည့် စာသားကို ရပ်/ကျေး ဥပဒေ ပုဒ်မ ၁၇ တွင် အစားထိုးရန် တန့်ဆည် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက တင်ပြလာသည့် ပြင်ဆင်ချက်ကိုလည်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
ဧည့်စာရင်းတိုင်ကြားခြင်း ပုဒ်မကို ပယ်ဖျက်လိုက်သောကြောင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော “ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်းတိုင်ကြားရမည်” ဆိုသည့် ပုဒ်မ ၁၇၊ “ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်း ကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေး တစ်စုံတစ်ရာ ကောက်ခံခြင်း မပြုရ” ဟူသည့် ပုဒ်မ ၃၃ တို့ကိုပါ ပြည်သူ့လွှတ်တော်က ပယ်ဖျက်ရန် အတည်ပြုခဲ့သည်။
ထိုသို့အစားထိုးရခြင်းမှာ တစ်နယ် တစ်ကျေးတွင် သွားရောက် နေထိုင် လုပ်ကိုင် သက်မွေးကြသူများအား ဒေသခံ အာဏာပိုင်များက လူမှု အထောက်အကူများ ပံ့ပိုးနိုင်စေရန် ဖြစ်ကြောင်း၊ သို့ရာတွင် အသိပေးရုံသာ ဖြစ်ပြီး ခွင့်ပြုချက် တောင်းခံဖို့မလိုခြင်း၊ ထိုသို့အသိမပေးပါကလည်း စစ်ဆေး အရေးယူမှု မရှိပါခြင်း တို့ကြောင့် ဧည့်စာရင်း တိုင်မှု ကိစ္စနှင့် ပတ်သက်ပြီး လုံးဝ တိုင်ကြားစရာ မလိုတော့သည့် အဓိပ္ပါယ် ရရှိသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဆင်ဟွာသို့ ယနေ့ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.