Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း နေထိုင်သူများ သဟဇာတမျှတမှု မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေဟု ဒုသမ္မတဆို

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ- MOFA)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုပြန်လည်ဖော်ဆောင်ရေး၊ ဒေသတွင်း နေထိုင်ကြသော လူမှုအသိုက်အဝန်းများအကြား သဟဇာတမျှတမှု မြှင့်တင်နိုင်ရေးအတွက် မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ကျင်းပသော (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် လူမှုရေးအရ သဟဇာတရှိမှု ရရှိရေး ကြိုးပမ်းနေချိန်နှင့် တစ်ဆက်တည်း ဒေသဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၎င်းကပြောသည်။

ARSA အကြမ်းဖက်အုပ်စု၏ တိုက်ခိုက်မှုကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးမှုများတွင် မူဆလင်များ၊ရခိုင် တိုင်းရင်းသားများ သာမက လူနည်းစုတိုင်းရင်းသားများဖြစ်သော ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနှင့် ဟိန္ဒူဘာသာဝင်များလည်း အပါအဝင်ဖြစ်ပြီး ၎င်းတို့လည်း ထိခိုက်ခံစားနေရခြင်းကို ကမ္ဘာ့နိုင်ငံအတော်များများ မသိကြကြောင်း ဒုတိယ သမ္မတက ဆိုသည်။

လက်ရှိ ရခိုင်အခြေအနေသည် တိုးတက်ကောင်းမွန်လာပြီး စက်တင်ဘာလ ၅ ရက်နေ့ကစတင်ပြီး လက်နက်ကိုင်တိုက်ခိုက်မှုများ မရှိချိန်၌ မူဆလင်အများအပြားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ဆက်လက် ထွက်ပြေးနေကြဆဲဖြစ်နေသည့် သတင်းများအပေါ် စိုးရိမ်မှုဖြစ်ပေါ်မိကြောင်း ၎င်းကပြောသည်။

“အခုလို လူအများအပြား ရွှေ့ပြောင်းတိမ်းရှောင်ကြရခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ လူသိနည်းတဲ့အချက်ကတော့ မူဆလင် အများအပြားဟာ ၎င်းတို့ရဲ့ နေအိမ်များမှာ ဆက်လက်နေထိုင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ် ဆိုတာပဲ ဖြစ်ပါတယ်”ဟု ဒုတိယ သမ္မတက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.