Politics, Law & Military
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၁၉၄၆.၁ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၁၉၄၆.၁ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၄ ရက်၊ ၁၂း၁၅ နာရီ တွင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့နယ်၊ ရွာသစ်ကေရပ်ကွက်နေ အူလာမျှာ ၅၂ နှစ်၏နေအိမ် အား ဝင်ရောက်ရှာဖွေစဉ် အဆိုပါမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုသို့ရှာဖွေရာ နေအိမ်တွင် အူလာမျှာနှင့်အတူ ၎င်း၏သားမက်ဖြစ်သူ ရှာရုခါန် ၂၂ နှစ်တို့အားတွေ့ရှိပြီး နေအိမ်အပေါ်သို့တက်သည့် လှေကားအောက်အုတ်ခဲပုံအတွင်း သိုဝှက်ထားသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၇,၃၀၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၄၆.၁ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
၎င်းတို့အား မောင်တောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)