Connect with us

Politics, Law & Military

ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၉၆ ဦး အမည်စာရင်းများ ကော်မရှင် အတည်ပြုကြေညာထား

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)  ရေးသားသူ/ဟေမာန် 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် သက်ဆိုင်ရာ လွှတ်တော်အသီးသီး၏ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၉ ရက်မှ စတင်ကြေညာခဲ့ရာ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းအထိ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၉၆ ဦး၏ အမည်စာရင်းများကို အတည်ပြုထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၉၆ ဦးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၈၆ ဦး ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၅ ဦး ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၁ ဦး ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ၂ ဦး ၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၁ ဦး နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ၁ ဦးတို့ အသီးသီး ပါဝင်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း ၁,၁၁၇ နယ် ရှိသည့်အနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)