Connect with us

Politics, Law & Military

သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိပြုချက် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံသမ္မတ နှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိပြု လက်မှတ်ရေးထိုးပွဲ ကျင်းပနေစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို ယနေ့ ပြည်ထောင်စုနေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးလိုက်သည်။

ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် ကို အစိုးရကိုယ်စားပြု နိုင်ငံတော် သမ္မတကြီး၊ ဒုတိယ သမ္မတ (၂) ဦး၊ လွှတ်တော် ဥက္ကဌ (၂) ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ အစိုးရဝန်ကြီး (၁၅) ဦး၊ လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ် (၃) ဦး၊ တပ်မတော် ကိုယ်စားပြု ဒုတိယ ဗိုလ်ချုပ်ကြီး (၃) ဦး၊ နိုင်ငံရေးပါတီ (၆၁) ပါတီထဲမှ (၅၅) ပါတီ၊ တိုင်းရင်းသား ရေးရာဝန်ကြီး (၂၉) ဦး နှင့် လက်နက်ကိုင် (၁၃) ဖွဲ့ထဲမှ (၄) ဖွဲ့ တို့ကရေးထိုးခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲမှ DKBA၊ KNU ၊ KNU/KNLA(PC) ၊ RCSS/SSA အဖွ့ဲတို့ လက်မှတ်ရေးထိုးခဲ့သည်။

“လက်မှတ်မထိုးသူများက သဘောမတူတဲ့ သဘောမဟုတ်ပါဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်း များကို အသိပေးပြီးမှ အကြောင်းပြန်မယ် ပြောပါတယ်” ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ ကပြောကြားသည်။

ပင်လုံစိတ်ဓာတ်နှင့် အညီ နိုင်ငံသားအားလုံး၏ လွတ်လပ်မှု၊ အမျိုးသား တန်းတူညီမျှမှု၊ တရား မျှတမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ပါဝင်သည့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက်တွင် အချက်(၅)ချက်ကို သဘောတူညီ လက်မှတ်ရေးထိုးခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသည် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးတွင် အဓိကကျသည့် ကိစ္စဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA – Nationwide Ceasefire Agreement) ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ဦးစွာဆောင်ရွက်ရန်၊ ပါဝင်ထိုက်သူများအားလုံး ပါဝင်ခွင့်ရှိသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို အလျင်အမြန် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA -Nationwide Ceasefire Agreement) အပြီးသတ်လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အမြန်ဆုံး ရေးဆွဲခြင်းနှင့် သဘောတူညီသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့်အညီ ပဏာမနိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ မတိုင်မီ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

အဆိုပါ စာချုပ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် လုပ်ငန်းစဉ်များ ကာလအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် နှစ်ဖက်တပ်များ ထိတွေ့မှု များကို ရှောင်ရှားနိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမည့် အရေးယူ ဆောင်ရွက်ခြင်းများ မပြုလုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆိုသည့် အချက်တစ်ချက်ကိုလည်း ထည့်သွင်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.