Connect with us

Politics, Law & Military

အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေရန် လမ်းညွန်ချက် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထုတ်ပြန်

လက်ဆောင်ပစ္စည်း လက်ခံခြင်း နှင့် ပတ်သက်သည့် နိုင်ငံတော် သမ္မတရုံး၏ လမ်းညွှန်ချက် (ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အဂတိ လိုက်စားမှု အလေ့အထ ကို အချိန်တိုကာလအတွင်း လုံးဝ ပျောက်သွားစေရန် “လက်ဆောင်ပစ္စည်း လက်ခံခြင်း နှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်း အစိုးရများအား နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး၍ ပေးပို့ထားကြောင်း ယနေ့ဧပြီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လမ်းညွှန်ချက်တွင် လက်ဆောင်ပစ္စည်းတွင် ငွေကြေးနှင့်တန်ဖိုးရှိသည့် ပစ္စည်းအပါအဝင် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေး စသည်တို့ အကျုံးဝင်ပြီး မိမိရာထူးလုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ်တစ်ရပ်ကို လိုလား တောင်းခံသော အဖွဲ့အစည်း/ပုဂ္ဂိုလ်၊ မိမိတာဝန်ယူရသော အဖွဲ့အစည်း၊ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော၊ လုပ်ကိုင်ရန်ကြိုးပမ်းနေသော အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူးတာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စ ရပ်တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုးခံစားမှုရှိသွားမည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ် ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းမပြုသဖြင့် အကျိုးခံစားခွင့် ရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိလ် များ ထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် ပိတ်ပင် တားမြစ်ထားကြောင်း သိရသည်။
ကျပ်ငွေ ၂၅၀၀၀ ထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ /- တန်ဖိုး ထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ နှင့် အကျုံးမဝင်သူများ) ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးများတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ ၁၀၀၀၀၀/- ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားကြောင်း သိရသည်။
လက်ခံခွင့်မရှိသော လက်ဆောင်ပစ္စည်းများ ပေးအပ်လာပါက ပေးအပ်သောလက်ဆောင်ပစ္စည်းကို ပြန်လည် ပေးအပ်ရန်၊ ပစ္စည်းကိုလက်ခံလိုပါက ကာလပေါက်ဈေးကို ပေးအပ်သူထံ ပြန်လည်ပေးအပ်ရန်၊ ကြာရှည် အထား မခံသောပစ္စည်းဖြစ်ပါက ဌာနတွင်းဝန်ထမ်းများအား ဖြန့်ဝေပေးရန်လည်း လမ်းညွှန်ထားသည်။
နိုင်ငံခြားအစိုးရက ပေးအပ်သောလက်ဆောင်ပစ္စည်းများအနက် ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀/- မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စအတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံနိုင်ပြီး ထိုအချက်များနှင့် မကိုက်ညီသော်လည်း လက်ဆောင်ကိုငြင်းဆန်ခြင်းဖြင့် နှစ်ဖက်မျက်နှာပျက်ရမည့် ကိစ္စများတွင် လက်ဆောင်ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ဝန်ကြီးဌာန/ဌာနသို့ ပေးအပ်ရန် ဖြစ်ကြောင်း သိရသည်။
လက်ဆောင်ပစ္စည်းများကို သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း တောင်းခံခြင်း မပြုရန်၊ မိမိရာထူးတာဝန်လုပ်ဆောင်မှုအပေါ် သြဇာလွှမ်းမိုးစေမည်ဟု ယူဆရ သောကိစ္စရပ်များအတွက် မည်သည့် လက်ဆောင်ပစ္စည်းမှ လက်ခံခြင်း မပြုရန်၊ လက်ခံခွင့်ရှိသော လက်ဆောင် ပစ္စည်းကိုပင် အကြိမ်ကြိမ် လက်ခံခြင်းမပြုရန် ၊ လက်ဆောင်ပစ္စည်း ပေးအပ်လာပါက လက်ခံသည်ဖြစ်စေ၊ ငြင်းပယ် သည်ဖြစ်စေ အထက်အကြီးအကဲထံ အမြန်ဆုံးတင်ပြရန်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား ပေးအပ် သည့် လက်ဆောင်ပစ္စည်းများကိစ္စကို ဦးစီးရုံးများ၏ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ထံ အမြန်ဆုံးတင်ပြရန်ဟု ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.