Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့နိုင်သည့် မဲအရေအတွက်ထက် ကျော်လွန်ရရှိနေပြီဟု ဒေါက်တာမျိုးညွန့်ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ NLD ပါတီဝန်းရံထောက်ခံသူများအား နိုဝင်ဘာ ၉ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်း အနိုင်ရရှိမှု အရေအတွက်မှာ အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်ရရှိနေပြီ ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ဆင်ဟွာသို့ ယနေ့ တွင် ပြောကြားခဲ့သည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က“၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြည်သူကပဲ ဆုံးဖြတ်သွားတာပါခင်ဗျာ။COVID-19 ကာလကြောင့် ကျွန်တော်တို့ ပါတီဝင်တွေက မဲဆွယ်စည်းရုံးတာတွေကို အကန့်အသတ်ပဲ လုပ်နေချိန်မှာ ပြည်သူတွေက COVID-19 ကို မမှုဘဲနဲ့ သူတို့ကိုယ်တိုင် သူတို့ရဲ့ ဘဏ္ဍာငွေနဲ့ ထွက်ပြီး မဲဆွယ်စည်းရုံးခဲ့ကြတယ်။ နောက်ပြီး မဲပေးတဲ့အခါမှာလည်း စနစ်တကျနဲ့ ဝီရိယရှိရှိ အစောကြီးထဲက ကြိုတင်တန်းစီပြီး စနစ်တကျ မဲပေးခဲ့ကြပါတယ်။ အဲဒီလို ပြည်သူတွေရဲ့ တက်ကြွတဲ့ နိုင်ငံရေး အသိကြောင့် အခုလို အပြတ်အသတ် အနိုင်ရရှိခြင်း ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ကျေးဇူးကို သိတတ်သောအားဖြင့် ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆထက်တပိုး ပိုပြီးတော့ ထမ်းဆောင်ပေးကြဖို့ ကျွန်တော်တို့ကတော့ တိုက်တွန်းချင်ပါတယ်။”ဟု ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေတွင် အစိုးရဖွဲ့နိုင်သည့် မဲအရေအတွက်ထက် များစွာ ကျော်သွားပြီ ဖြစ်ကြောင်း ၊ ၂၀၁၅ ခုနှစ်တွင် နိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း အရေအတွက်ထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများ၏ အနိုင်ရရှိမှု စာရင်းများအား ထုတ်ပြန်ရာတွင် ယနေ့ နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီကျော်အချိန်ထိ ပြည်သူ့လွှတ်တော်တွင် ၂၄၂ ဦး နှင့် အမျိုးသား လွှတ်တော်တွင် ၁၁၉ ဦး ဖြင့် ပြည်ထောင်စုလွှတ်တော်အတွက် စုစုပေါင်း ကိုယ်စားလှယ် ၃၆၁ ဦး ထိ အနိုင်ရရှိထားကြောင်း ဖော်ပြထားပြီး အဆိုပါ ဖော်ပြချက်သည် ကိုယ်စားလှယ်လောင်းများထံမှ ရရှိသည့် အချက်အလက်များသာ ဖြစ်ကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က တရားဝင် ရလဒ်များကို အတည်ပြုထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ယနေ့ နိုဝင်ဘာ ၁၀ ရက် ညပိုင်းအထိ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများအား အတည်ပြုကြေညာထားမှုအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၃၇ ဦး ၊ အမျိုးသားလွှတ်တော်တွင် ၁၃ နေရာ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တွင် ၅၇ ဦး အနိုင်ရရှိထားကြောင်း သိရသည်။

ထို့အတူ ရွေးကောက်ပွဲ အနိုင်အရှုံး ရလဒ် မဲစာရင်း ပုံစံ ၁၉ တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင်း ၎င်းတို့၏ ကိုယ်စားလှယ်များ လက်မှတ် ရေးထိုး အတည်ပြုပေးခြင်း မပြုရန် ပါတီကြီး တစ်ခု၏ ကန့်ကွက် တောင်းဆိုမှုအပေါ်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက”ကျွန်တော်တို့ နည်းဥပဒေထဲမှာ ပြဌာန်းထားပါတယ်။ ပုံစံ ၁၉ ကို လက်မှတ်ထိုးတာ မထိုးတာက သက်ဆိုင်သူတွေရဲ့ သဘောပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့တော့ ထူးခြားတဲ့ သက်ရောက်မှု မရှိပါဘူး။ နည်းဥပဒေမှာလည်း ပြဌာန်းထားပြီးသားပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာတွေက တင်လို့ရပါတယ်။ သူ့ process နဲ့ သူ သွားမှာပါ။ ကန့်ကွက်လွှာတွေကို ဥပဒေနဲ့အညီ ကျင့်သုံးလို့ ရပါတယ်။ ပုံစံ ၁၉ မှာ လက်မှတ်ထိုးခြင်း မထိုးခြင်းက ရွေးးကောက်ပွဲ ရလဒ်အပါ် သက်ရောက်မှု မရှိပါဘူး။ကျွန်တော်တို့ အခု ထုတ်ပြန်ကြေညာနေတဲ့ ရလဒ်တွေက အတည်ဖြစ်ပါတယ်။” ဟု ဆင်ဟွာသို့ ယနေ့နေ့လယ်ပိုင်း၌ ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၆၄၂ ဦးအနက် ထက်ဝက်ကျော် အရေအတွက်ထက် ကျော်လွန်သည့် ကိုယ်စားလှယ် ၃၂၂ ဦး ရရှိသော ပါတီသည် အစိုးရဖွဲ့နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်းအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့ဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့က ဒုတိယသမ္မတ တစ်ဦးစီကို ရွေးချယ်တင်မြှောက်ရမည် ဖြစ်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သော သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့က နိုင်ငံတော် သမ္မတလောင်းများ ဖြစ်သည့် ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ ကြိုက်နှစ်သက်သည့် ဒုတိယ သမ္မတ တစ်ဦးကို နိုင်ငံတော်သမ္မတ အဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ နှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေများတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.