Connect with us

Politics, Law & Military

အာရှ-ပစိဖိတ် (၁၅) နိုင်ငံ ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် မြန်မာ ပါဝင်လက်မှတ်ရေးထိုး

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးမှုအား တွေ့မြင်ရစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)ရေးသားသူ/ဟေမာန်

အာရှ-ပစိဖိတ် (၁၅) နိုင်ငံ ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ရှေ့မှောက်တွင် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ခဲ့သည့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် စတုတ္ထ အကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက ဒေသအနေဖြင့် COVID-19 ရောဂါကို အောင်မြင်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် အရေးကြီးကြောင်း၊ အားလုံးပါဝင်ပြီး တာရှည်ခံသည့် ကူးစက်ရောဂါ အလွန် စီးပွားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှတစ်ဆင့် ဒေသ၏ကြံ့ကြံ့ခိုင်နိုင်နိုင်စွမ်းကို တည်ဆောက်ရာတွင် သဘောတူစာချုပ်သည် အရေးပါသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည် ဖြစ်ကြောင်း၊ ဒေသဆိုင်ရာမူဘောင်များတွင် အာဆီယံ၏အချက်အချာကျမှုကို တိုးမြှင့်ရာ၌ အထောက်အကူပြုပြီး၊ အာဆီယံနှင့် ဒေသဆိုင်ရာမိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ခိုင်မာစေမည့် အဆိုပါသဘောတူစာချုပ်သည် အာဆီယံက ဦးဆောင်သည့် ရည်မှန်းချက်အကြီးမားဆုံးသော လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်တစ်ခုဖြစ်ကြောင်း၊ သဘောတူစာချုပ်ကို လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သည့် သဘောတူစာချုပ် တစ်ခုအဖြစ် ဆက်လက်တည်ရှိစေရန် ကတိကဝတ်ပြုကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဗိသုကာအပေါ် အများ ၏ယုံကြည်လက်ခံမှုနှင့် စီးပွားရေးအသိုင်းအဝိုင်း၏ ယုံကြည်ကိုးစားမှုတို့ကို ထိန်းသိမ်းရန်နှင့် ဒေသအတွင်း စီးပွားရေးပြန်လည်နာလန်ထူခြင်းကို ကူညီဖြည့်ဆည်းပေးရန်အတွက် မိမိတို့၏ ကတိကဝတ်ကို ယခုကုန်သွယ်ရေးသဘောတူစာချုပ်က ကမ္ဘာသို့ အခိုင်အမာ ထုတ်ဖော်ပြသ လိမ့်မည်ဖြစ်ကြောင်း၊ ကောင်းမွန်စွာဖွဲ့စည်းထား၍ ထိရောက်မှုရှိပြီး စည်းမျဉ်းကိုအခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောတူစာချုပ်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးအတွက် မောင်းနှင်အားအသစ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ် ကြောင်း၊ သဘောတူစာချုပ်တွင်ပါဝင်သည့် ပြဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ လက်မှတ်ရေးထိုးသည့် အပေါ်တွင် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “တစ်အချက်က အကျိုးရှိတယ်။ နှစ်အချက်က ထိတွေ့မှုတွေ ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဒေသတွင်းမှာ နားလည်မှုတွေ ရှိလာတဲ့အတွက် ချစ်ကြည်မှုတွေ ရတယ် ။ ဒေသတွင်း ငြိမ်းချမ်းမှုပါ ရသွားတယ်။ မြန်မာပြည်က ။ နောက်တော့ ရင်းနှီးမြှုပ်နှံမှုတွေ လာတယ် ။ မြန်မာနိုင်ငံက လိုအပ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လာကောင်းလာနိုင်တာပေါ့ ။ ပြီးတော့ အလုပ်အကိုင် ပိုပြီး ရရှိလာနိုင်တယ် ။ Supply Chain တွေ ပွင့်လာတယ် ။ Supply Chain ဟာ ပိုပြီးတော့ ပို့ကုန် ၊ သွင်းကုန်တွေမှာ အဆင်ပြေလာတယ် ။ ဈေးနှုန်း သက်သက်သာသာတွေ ဖြစ်လာတယ် ။ ပို့ကုန်တွေ တိုးမြှင့်လို့ရတယ် ။ အရည်အသွေးမြှင့် ပို့ကုန်တွေကို ကိုယ်က ရမယ် ။ သွင်းကုန်တွေ ရမယ် ။ Supply Chain တွေရယ် ၊ ကုန်သွယ်မှုတွေရယ် မြှင့်တင်သွားပြီးတော့ ချစ်ကြည်ရင်းနှီးမှုတွေ ပိုရတယ် ။ နားလည်မှုတွေရတယ်။ ဒီအချိန်မှာ ယဉ်ကျေးမှုတွေကို တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ရတော့ တစ်နိုင်ငံ ၊ တစ်နိုင်ငံအကြောင်း ပိုသိလာတာပေါ့ ။”ဟု ဆင်ဟွာသို့ ယနေ့ နံနက်ပိုင်းတွင် သုံးသပ် ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ်ဒေသရှိ (၁၅) နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးသည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုကြောင်းလည်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)