Connect with us

Politics, Law & Military

ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရေး အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ဟု ပြည်ခိုင်ဖြိုး ပါတီမှ အနားပေး ထုတ်ပယ်ခံရသူများ ရှင်းလင်း ထုတ်ပြန်

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့်အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရေး ၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ လိုလားသည့် ဒီမိုကရေစီ စနစ်ဖြစ်ပေါ်ရေး တို့အတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့်အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီမှ ပါတီဝင်များ၏ ထုတ်ပြန် ကြေညာချက်အား ယနေ့ဧပြီလ ၂၇ ရက်တွင် ကော်မရှင်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်ခဲ့သည်။

ယခုဖြစ်စဉ် ဖြစ်ရပ်များသည် ပါတီနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာ တစ်ရပ် ဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှု တစ်စုံတစ်ရာ ရှိလာနိုင် သည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းက “မိမိနဲ့အတူ ကော်မရှင်တွင် တာဝန် ထမ်းဆောင်နေကြတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဝင် အများစု အနားပေး ထုတ်ပယ်လိုက်ရာမှာ ပါကြောင်း သိရပါတယ်။ မိမိအနေနဲ့ပါတီဝင် ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည် ဖြစ်စေ ၊ ပါတီကို တာဝန်ခံ ဆောင်ရွက်သည် ဖြစ်စေ ၊ မဆောင်ရွက်သည် ဖြစ်စေ မိမိကတော့ မိမိရဲ့နိုင်ငံရေး ယုံကြည်ချက် ၊ ခံယူချက် ဖြစ်တဲ့ နိုင်ငံသား ပြည်သူများရဲ့ဘဝ လုံခြုံရေး ၊ ပြည်သူများ ဘဝ တိုးတက်ရေးနဲ့နိုင်ငံ တိုးတက်ရေး အတွက်ပဲ ဦးတည် ဆောင်ရွက်သွားမယ် ဖြစ်ပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့်အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့်အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွင် ပါဝင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင်များအနက် အနားပေးခံရသူ များမှာ ၁၁ ဦး ဖြစ်ပြီး ၎င်းတို့မှာ သူရဦးရွှေမန်း ၊ ဦးဇော်မြင့်ဖေ ၊ ဦးမောင်တိုး ၊ ဦးကြည်သာ ၊ ဦးအေးမောက် ၊ ဦးတင်မောင်ဦး ၊ ဦးကိုကိုနိုင် ၊ ဦးဝင်းသန်း ၊ ဦးမြင့်ထွန်း ၊ ဦးစိုးမြင့် ၊ ဦးစံရွှေအောင် တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ သတင်းစာ ရှင်းလင်းပွဲတွင် သတင်း မီဒီယာများ၏ မေးမြန်းမှုများအား ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ရာတွင် ပါတီသစ် တည်ထောင်ရန် ယခု လောလောဆယ်တွင် စဉ်းစားထားခြင်း မရှိကြောင်း ၊ ပါတီမှ အနားပေး ရပ်စဲလိုက်သည့် အကြောင်းရင်းအား မသိရှိရဘဲ အကြောင်းကြားစာတွင် ပါတီမှ အနားပေးကြောင်းသာ ပါဝင်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ကော်မရှင် အဖွဲ့ဝင်များသည် ပါတီ၏ ဖွဲ့စည်းပုံ အခြခံစည်းမျဉ်းပါ “ပါတီ၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွား ယှဉ်လာလျှင် နိုင်ငံတော်၏ အကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်သွားရမည်။ တရားဝင် ဖွဲ့စည်းထားသော နိုင်ငံရေး ပါတီ၊ အဖွဲ့အစည်း အင်အားစုများ အားလုံးကို လုပ်ဖော်ကိုင်ဖက်များ အဖြစ် သဘောထား၍ ဆက်ဆံမည်။ အမျိုးသား အကျိုးစီးပွား အတွက် မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်းနှင့် မဆို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မည်” ဆိုသည့် မူဝါဒများနှင့် အညီ ပြည်သူများက ရွေးကောက် တင်မြှောက် ထားသည့် လွှတ်တော်၊ အစိုးရအဖွဲ့တို့နှင့် လက်တွဲ ပူးပေါင်းပြီး နိုင်ငံတော် နှင့် နိုင်ငံသားများ အကျိုးကို ရှေ့ရှု ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.