Connect with us

Politics, Law & Military

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေစေရန် မဲရုံများ၊ မဲရုံအဖွဲ့ဝင်များ တိုးချဲ့သွားမည်ဟု ဆို

ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဌမနေ့ ကျင်းပ နေစဉ်

နေပြည်တော်၊ ဇွန် ၁ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေ သက်သာစွာ ဆန္ဒမဲ ပေးနိုင်ရန် ရည်ရွယ်ပြီး မဲရုံများ၊ မဲရုံ ဝန်ထမ်းများ တိုးချဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင်က အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

 “၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒ မဲပေးကြမယ့် မဲဆန္ဒရှင် စာရင်းက ပြီးခဲ့တဲ့ မတ်လအထိ ၃၇ သန်း ရှိပါတယ်၊ အရင် ရွေးကောက်ပွဲထက် ပိုများလာတဲ့ မဲဆန္ဒရှင် အရေအတွက်အရ တိုင်းဒေသကြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက မဲရုံများ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုရန် တင်ပြလာမှု များကို ခွင့်ပြုပေးလျက် ရှိပါတယ်၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်အချိန်အတွင်း အချိန်မီ မဲပေးနိုင်ရန်နှင့် အဆင်ပြေ သက်သာစွာ မဲပေးနိုင်ရန် ကွင်းဆင်းလေ့လာပြီး မဲရုံများ လျာထား သတ်မှတ် ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင်က ပြောကြားခဲ့သည်။

သာမန်အားဖြင့် မဲရုံတစ်ရုံတွင် လွှတ်တော် တစ်ရပ်စီနှင့် တိုင်းရင်းသား လူမျိုးရေးရာ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် တစ်နေရာစီအတွက် မဲပုံး တစ်ပုံးစီ ထားရှိရမည် ဖြစ်သော် လည်း မဲဆန္ဒရှင်များ လွယ်ကူစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် မဲပုံး တစ်ပုံးထက် ပို၍ ထားရှိခြင်း၊ မဲစာရင်းများ လွယ်ကူစွာ စိစစ်နိုင်ရေးအတွက် မဲရုံ အဖွဲ့ကို တိုးချဲ့ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း၊ မဲရုံအဖွဲ့ဝင်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက ရွေးကောက်ပွဲ အချိန်ဇယားနှင့် အညီ ဖွဲ့စည်း တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ မဲရုံ အဖွဲ့ဝင်များ ရွေးကောက်ပွဲလုပ်ငန်းများတွင် ကျွမ်းကျင်စွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ကြိုတင်ပြီး သင်တန်းများ ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်က ရှင်းလင်း ဖြေကြားခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၈) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်၏ မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရန်နှင့် အဆင်ပြေ သက်သာစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်ထားရှိမှု ဆိုင်ရာ အမေးကို ပြန်လည် ဖြေကြားရာတွင် ကော်မရှင် အဖွဲ့ဝင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရန် ၂၀၂၀ မတ်လ အထိ ကောက်ယူရရှိထားပြီးသော အခြေခံ မဲစာရင်း ၃၇ သန်းကို လစဉ် ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ မဲစာရင်းတွင် ပြည်တွင်း ပြောင်းရွှေ့လုပ်သားများ၊ တိုက်ပွဲရှောင် ပြည်သူများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံ ပြင်ပတွင် သွားရောက် လုပ်ကိုင်နေသူများ အားလုံး ပါဝင်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ အခြေခံ မဲစာရင်း၌ တပ်မတော်သားများနှင့် အတူနေ အိမ် ထောင်စုဝင်များကို ထည့်သွင်းရန် ကျန်ရှိနေကြောင်း၊ မဲပေးပိုင်ခွင့် ရှိသူ အမည်စာရင်းကို သတ်မှတ်ထားသည့် အချိန်တွင် ကြိုတင် ကြေညာပေးမည် ဖြစ်ရာ မဲဆန္ဒရှင်စာရင်း ကပ်ထား ချိန်တွင် မဲဆန္ဒရှင် ပြည်သူများက သွားရောက်ကြည့်ရှုရန် လိုအပ်ပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း များကို တွေ့ရှိပါက သတ်မှတ်ထားသော ပုံစံများဖြင့် တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက် ခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ကြောင်းကို မဲဆန္ဒရှင် စာရင်း ကပ်ထား ကြေညာခြင်း မပြုမီ နိုင်ငံပိုင် သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ဆိုရှယ် မီဒီယာများမှ တစ်ဆင့် အသိပညာပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်က ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)