Connect with us

Politics, Law & Military

ရှမ်းပြည်နယ် လွိုင်လင် နှင့် ကလော မြို့နယ်များတွင်  ငွေကျပ် ၇၈.၇၂၅ ဘီလီယံ တန်ဖိုးရှိ ICE များ အသီးသီး ဖမ်းဆီးရမိ 

အောင်ပန်းမြို့တွင် ငွေကျပ် ၃၈.၃၅ ဘီလီယံတန်ဖိုးရှိ ICE များ ဖမ်းဆီးရမိစဉ်(ဓာတ်ပုံ - CCDAC)

ရန်ကုန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) 

ရှမ်းပြည်နယ် လွိုင်လင်မြို့ နှင့် ကလောမြို့များတွင် စုစုပေါင်း ငွေကျပ် ၇၈.၇၂၅ ဘီလီယံ တန်ဖိုးရှိ ICE (မက်သာအဖက်တမင်း)များ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)မှ မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

 ဖြစ်စဉ်အရ မေ ၂၄ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် လွိုင်လင်မြို့နယ် ၊ လွိုင်လင်-တောင်ကြီး ကားလမ်းပေါ်တွင် ၁၂ ဘီးအမျိုးအစား မော်တော်ယာဉ်တစ်စီးအား  ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် ငွေကျပ် ၄၀ ဘီလီယံကျော် တန်ဖိုးရှိ ICE ၁,၆၁၅ ကီလိုသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးသယ်ဆောင်လာသော ယာဉ်မောင်းနှစ်ဦးအား ဆက်လက်စစ်ဆေးဖော်ထုတ်ချက်ရ ယင်းဖြစ်စဉ်နှင့်ပါဝင်ပတ်သက်သူ သုံးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC က ဆိုသည်။

အလာတူ မေ ၂၉ ရက်က ကလောမြို့နယ် ၊ တောင်ကြီး-ကလော သွားကားလမ်းဘေးတွင် ရပ်တန့်ထားသည့် ၁၂ ဘီးအမျိုးအစားမော်တော်ယာဉ်အား တွေ့ရှိခဲ့ပြီး ၊ ယင်းမော်တော်ကားအား ပူးပေါင်းအဖွဲ့မှ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် ကျပ် ၃၈.၃၅ ဘီလီယံတန်ဖိုးရှိ ICE (မက်သာအဖက်တမင်း)၁,၅၃၄ ကီလို၊ လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ်နှစ်ခုတွင် သိမ်းဆည်းရမိသော ICE (မက်သာအဖက်တမင်း)စုစုပေါင်းအလေးချိန်မှာ ၃,၁၄၉ ကီလိုဂရမ်ဖြစ်ပြီး တန်ဖိုးအားဖြင့် ငွေကျပ် ၇၈.၇၂၅ ဘီလီယံရှိကြောင်း ၊ ဖော်ထုတ်ရရှိသူ ၈ ဦး အနက် လေးဦးကို ဖမ်းဆီး ရမိပြီး ကျန် ၄ ဦးမှာ ထွက်ပြေးတိမ်ရှောင်လျက်ရှိကြောင်း နှင့် ယင်းတို့အား ဆက်လက်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)