Connect with us

Politics, Law & Military

“၂၀၂၀ အထွေထွေရွေးကောက်ပွဲ” နိုဝင်ဘာ ၈ ရက် မဲပေးမှု စတင်ပြီ

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မဲရုံတစ်ခု၌ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်း မဲရုံ စတင်ဖွင့်လှစ်ချိန် မဲပေးမှုမြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးရှိ မဲရုံအသီးသီးတွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ဆန္ဒမဲ ပေးခြင်းများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတစ်ဦးအား ပေးအပ်ထားသည့် ရွေးကောက်တင်မြှောက်ခွင့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့ သွားရောက်၍ ဆန္ဒမဲများပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစောပိုင်းကတည်းက ကြိုတင် အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။

ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဟူသော လွှတ်တော်သုံးရပ် နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးနေရာအတွက် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးအား ရွေးကောက်တင်မြှောက်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရသည်။ ထို့ပြင် မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၂,၀၀၀ ကျော် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ကိုယ်စားလှယ်လောင်း ၁,၁၀၆ ဦး နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်လောင်း ၁,၀၈၉ ဦးဖြင့် ပါတီများအနက် ကိုယ်စားလှယ်ဦးရေ အရေအတွက်အများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်၍ ပထမဆုံး အကြိမ် ဆန္ဒမဲပေးခွင့်ရသော စမ်းချောင်းမြို့နယ်မှ မသက်ထားက “နိုင်ငံသား တစ်ယောက်အနေနဲ့ ဒါက ပထမဆုံးအကြိမ် မဲပေးရွေးချယ်ခွင့် ရတာပါ။ ပထမဆုံး အတွေ့အကြုံ ဖြစ်တဲ့အတွက် ဆန္ဒမဲပေးတဲ့အခါမှာလည်း လွယ်ကူအဆင်ပြေအောင်လို့ ဘယ်လို ဆန္ဒမဲပေးရမလဲဆိုတာလည်း လေ့လာထားပါတယ်။

ကိုယ်တွေ မဲပေးရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းက ကိုယ့်နိုင်ငံနဲ့ ကိုယ့်ပြည်သူတွေအတွက် တကယ် အကျိုးပြုမယ့် လူမျိုး ဖြစ်ဖို့ မျှော်လင့်ပါတယ်”ဟု မဲပေးရက် မတိုင်မီ တစ်ရက်အလိုတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

နိုင်ငံတွင်း ရွေးကောက်ပွဲအတွက် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အပါအဝင် ကြိုတင်ဆန္ဒမဲပေးခွင့် ပြုထားသည့် မဲဆန္ဒရှင်များသည် နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာ ကြိုတင်ဆန္ဒမဲပေးခြင်းများအား ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၃ ရက်အထိ ကြိုတင်ဆန္ဒမဲပေးခဲ့သူ ၃ သန်းကျော် ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ယခုရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ဦးစားပေး မူဝါဒအဖြစ် ချမှတ်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။ တစ်ဆက်တည်းမှာပင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်တွင်း/ပြည်ပ စောင့်ကြည့်လေ့လာသူ ၈,၈၅၈ ဦး ရှိပြီး ၎င်းတို့သည် ရွေးကောက်ပွဲနေ့တွင် နိုင်ငံတစ်ဝန်းရှိ မဲရုံများအား စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုကျင်းပသော အထွေထွေရွေးကောက်ပွဲကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအနေအရ Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များ အပါအဝင် အခြားမြို့နယ်များမှ မဲဆန္ဒရှင်အားလုံး ရောဂါအန္တရာယ် ကင်းဝေးစွာဖြင့် ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစောပိုင်းတွင် အသိပေးပြောကြားခဲ့သည်။

အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့ရာတွင် မဲဆန္ဒနယ်ပေါင်း ၁,၁၇၁ ရှိခဲ့ကြောင်း ၊ သို့သော် ယင်းတို့အနက် ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမပြုသည့် မဲဆန္ဒနယ် ၅၄ ခုရှိသဖြင့် ကျန် မဲဆန္ဒနယ် ၁,၁၁၇ ခုတွင်သာ ရွေးကောက်ပွဲကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

“မဲဆန္ဒနယ်တွေ လျော့သွားတာကြောင့် ပြည်သူ့လွှတ်တော်မှာ ၃၁၅ နေရာ၊ အမျိုးသား လွှတ်တော်မှာ ၁၆၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မှာ ၆၁၂ နေရာနဲ့ တိုင်းရင်းသား လူမျိုး လွှတ်တော်နေရာမှာ၂၉ နေရာ၊ စုစုပေါင်း အမတ်နေရာ ၁,၁၁၇ နေရာပဲ ကျန်ရှိပါတယ်၊ အဲဒီနေရာ တွေအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးရေက ပြည်သူ့ လွှတ်တော်မှာ ၁,၅၆၅ ဦး၊ အမျိုးသား လွှတ်တော်မှာ ၇၇၉ ဦး၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၃,၁၁၂ ဦးနဲ့ တိုင်းရင်းသား လူမျိုးစု လွှတ်တော်အမတ်နေရာအတွက် ၁၈၃ ဦး၊ စုစုပေါင်း ၅,၆၃၉ ဦးဖြစ်ပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ရွေးကောက်ပွဲမကျင်းပမီတစ်ရက်အလို နိုဝင်ဘာ ၇ ရက်က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

အဆိုပါ အမတ်လောင်း ၅၆၃၉ ဦးအနက် တစ်သီးပုဂ္ဂလ အမတ်လောင်း ၂၆၀ ဦး ပါဝင်ရာ ပြည်သူ့ လွှတ်တော်တွင် ၆၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၂၇ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်တွင် ၁၃၂ ဦး နှင့် တိုင်းရင်းသား လူမျိုးစု လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၃၃ ဦး ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုသတ်မှတ်ထားခဲ့ကြောင်း ၊ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦး အား လွတ်လပ်စွာ ဆန္ဒပြုနိုင်ရန် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအချိန်မှ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခြင်းတို့ကို ရပ်နားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးချက် ကြိုတင် ထုတ်ပြန်ခဲ့သည်။

အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ပုဂ္ဂိုလ်၏ အမည်ကြေညာခြင်းများကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉(ခ) ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၇၂ တို့နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅,၇၂၈ ဦး နှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁၀ ဦး စုစုပေါင်း ၆၀၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်တွင် ၃၂၃ ဦး ၊ အမျိုးသားလွှတ်တော်တွင် ၁၆၈ ဦး နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အပါအဝင်) ၆၉၅ ဦးတို့ကို အသီးသီး ရွေးကောက်တင်မြှောက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ၏ ရလဒ် များကို နိုဝင်ဘာ ၉ ရက်မှစ၍ မွန်းတည့် ၁၂ နာရီ ၊ ညနေ ၄ နာရီ နှင့် ည ၈:၀၀ နာရီ တို့တွင် တစ်ရက်လျှင် သုံးကြိမ် အသီးသီး ထုတ်ပြန်သွားမည် ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အစောဆုံး ထုတ်ပြန်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)