Connect with us

Politics, Law & Military

၂၀၂၁ ခုနှစ်၏ ငါးမဖမ်းရကာလကို ရှေ့တစ်လတိုး၍ မေ ၁ ရက်မှစတင်သတ်မှတ်

ရန်ကုန်မြစ်အတွင်းရှိ ငါးဖမ်းလှေတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ်၏ ငါးမဖမ်းရကာလကို မူလသတ်မှတ်ထားသည့် ဇွန်လ ၁ ရက်အစား ရှေ့တစ်လတိုး၍ မေ ၁ ရက်မှ ဇူလိုင် ၃၁ ရက် အထိ သုံးလသတ်မှတ်လိုက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ဇန်နဝါရီ ၁၅ ရက်တွင်ပြောသည်။

“အရင်က ငါးမဖမ်းရ ကာလကို ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃ လ သတ်မှတ်ခဲ့ပါတယ်။ အခုဒီနှစ်မှာတော့ မေ၊ ဇွန်၊ ဇူလိုင် ၃ လဆိုပြီး ရှေ့ကိုတစ်လတိုးသတ်မှတ်လိုက်ပါတယ်။ အခုလိုရှေ့တိုးရတဲ့ ရည်ရွယ်ချက်က မြန်မာ့ပင်လယ်ပြင်မှာရှိတဲ့ ငါးသယံဇာတတွေကို ထိန်းသိမ်းဖို့ပါပဲ။ မေလမှာ ငါးတွေသားပေါက်တတ်တဲ့အတွက် အခုလိုရှေ့တိုးဆောင်ရွက်ရတာပါ။’’ ဟု ဦးမြင့်ဇင်ထူးက ပြောသည်။

ငါးမဖမ်းရကာလနှင့်အတူ ငါးမဖမ်းရဧရိယာများအဖြစ် မြန်မာ့ပင်လယ်ပြင်ငါးဖမ်းကွက်အမှတ် (A1 မှ A20) အထိ၊ (B1 မှ B10) အထိ ၊ (B11 မှ B20) အထိ၊ (C1 မှ C25) အထိ၊ (D1 မှ D29 ) အထိ၊ (E1 မှ E25) အထိ၊ (F1 မှ F21) အထိ ငါးလုပ်ငန်းရေပြင်များပါဝင်ကြောင်း ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးများအနေဖြင့် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအတွင်းအခြေပြုပြီး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ကမ်းဝေးပင်လယ်ငါးဖမ်းရေယာဉ်အားလုံးမှ လုပ်ငန်းရှင်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး အသိပေးကြပ်မတ်ဆောင်ရွက်ကြရန် ညွှန်ကြားထားကြောင်းဆိုသည်။

“တစ်နှစ်မှာ ၁၂ လ ရှိတယ်။ ၁၂ လ မှာ ၃ လပိတ်ပြီး ၉ လဖွင့်ပေးတာဖြစ်ပါတယ်။ အရင်နှစ်တွေကလည်း ၃ လပဲပိတ်တယ်။ ပိတ်တဲ့လကို ရှေ့တိုးလိုက်တဲ့သဘောပါပဲ။ ကမ်းဝေးငါးဖမ်းခွင့်အားလုံးကို ပိတ်လိုက်တာဖြစ်ပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။
၂၀၂၀ ပြည့်နှစ်တွင် မြန်မာ့ပင်လယ်ပြင်မှ ငါး၊ ပုစွန် ရေသယံဇာတ ဖမ်းဆီးရမိမှု မက်ထရစ်တန်ချိန် တစ်သန်းခွဲဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)