Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူများ၏ (၉၀) ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါစသည့် နာတာရှည်အခံရောဂါရှိနေသူများဖြစ်ဟုဆို

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူများ၏ (၉၀) ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါစသည့် နာတာရှည်အခံရောဂါရှိနေသူများဖြစ်ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါစသည့် နာတာရှည်အခံရောဂါရှိသူများဖြစ်သည့်အပြင် သေဆုံးသူ အများစုသည် အသက်အရွယ်ကြီးသူ အမျိုးသားများဖြစ်ကြောင်း ၎င်းကဆိုသည်။”ကျွန်မ အနံ့စပျောက်ထဲက အမေကိုခေါ်ပြီး ဆေးရုံသွားလိုက်ရမှာ၊ အမေက အသက် ၆၃ရှိတဲ့အပြင် ရောဂါအခံ သွေးတိုးနဲ့ ကျောက်ကပ်ရှိတော့ ဒီရောဂါကြီးဝင်လာချိန် ရက်ပိုင်းမှာတင် အမေကို ဆုံးရှုံးလိုက်ရတယ်” ဟု ရိုးမရပ်သာတွင် ကုသမှု ခံယူနေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ထိုသို့ နာတာရှည်ရောဂါ အခံရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှ တစ်ဆင့် ရောဂါကူးစက်ခံရနေမှုများကို တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်း ပြောကြားသည်။

အဆိုပါ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်း၊ အချိန်ခြား၍ စားသောက်ခြင်းနှင့် ဖြစ်နိုင်ပါက သီးခြားအိပ်စက်ခြင်းတို့ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြရန် မြို့နယ်၊ ရပ်ကွက် လက်ကိုင်အသံချဲ့စက်များအသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ကြစေလိုကြောင်း ၎င်းကဆိုသည်။

အခြားနိုင်ငံများတွင် COVID-19 နှင့် နာတာရှည်ရောဂါအခံတို့ ဆက်စပ်သေဆုံးမှု အခြေအနေများကိုလည်းကောင်း၊ ကုသမှုကုထုံးများကိုလည်းကောင်း လေ့လာဆန်းစစ် သုံးသပ်စေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက အကြုံပြုပြောကြားသည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံများနှင့် အသစ်ဖွင့်လှစ်ထားသော COVID-19 ကုသရေးဌာန (၁၅) ခုတွင် COVID-19 ကုသပေးနေခြင်းသာမက အခြားသော ရောဂါအမျိုးမျိုးအတွက် ကုသမှုလုပ်ငန်းများ လစ်ဟင်းမှု မရှိစေရေးဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် အောက်တိုဘာ ၂၅ ရက် ညပိုင်းအထိ အတည်ပြုလူနာစုစုပေါင်း(၄၄,၇၇၄) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၁,၀၉၅) ဦးရှိပြီဖြစ်ကြောင်း ၊ နေ့စဉ် သေဆုံးသူ ခန့်မှန်း ၃၀ ဦးတွင် ရောဂါအခံရှိသူ ၂၀ကျော် ပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းအချက်အလက်အရ သိရသည်။ (Xinhua)