Connect with us

Politics, Law & Military

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့မှ အစိုးရ နှင့် NCA လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ကြောင်း ကြေညာချက် ထုတ်ပြန်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (SD) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ ၉ ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုကရက်တစ် ကရင် အကျိုးပြု တပ်မတော် (DKBA) ၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့အစည်းတို့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရ နှင့် လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ကြောင်း သြဂုတ်လ ၁၇ ရက်နေ့တွင် ပူးတွဲ သတင်း ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခြင်းအားဖြင့် မိမိတို့ လက်နက်ကို ဆက်လက် ကိုင်စွဲထားနိုင်ပြီး၊ မိမိလူမျိုးနှင့် ဒေသကို ဆက်လက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မတရား အသင်းအဖြစ် ကြေညာထားသည့် (၁၇/၁ နှင့် ၁၇/၂) တို့မှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံရေး ပြဿနာအား တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် လွတ်လပ်စွာ အဖြေရှာနိုင်မည် ဖြစ်ကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် များအား အတည်ပြုနိုင်ခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့်ခြင်း၊ ပဋိပက္ခ ဖြစ်ပွါးမှုကို ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပူးတွဲ ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မည်ဟု သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အတူတကွ ပူးပေါင်း၍ အစိုးရ၊ နိုင်ငံရေး ပါတီများ အပါအဝင် အခြား ပါဝင်ထိုက်သူများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မည် ဖြစ်ခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများအား အစိုးရနှင့် သော်လည်းကောင်း၊ နိုင်ငံရေးပါတီများနှင့် သော်လည်းကောင်း စီမံ ဆောင်ရွက်နိုင်ခြင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံရေး ဆွေးနွေးပွဲမှ တဆင့် ရရှိလာသည့် သဘော တူညီချက်များ နှင့် အညီ ပြင်ဆင် ပြောင်းလဲနိုင်သည့် အခွင့်အရေးများ ရရှိနိုင်ခြင်း စသည့် အာမခံချက်များကို ရရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရေးအကြီးဆုံးမှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်နှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ၁၉ ဦး၊ နိုင်ငံရေးပါတီ (၅၅) ပါတီတို့က ပါဝင် လက်မှတ် ရေးထိုးခဲ့ကြသော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်တို့တွင် ပါဝင်သည့် မိမိတို့ လိုလားသော လွတ်လပ်မှု ၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖယ်ဒရယ် စနစ်တို့ကို ဖော်ဆောင်နိုင်ရေး အာမခံချက်များနှင့် ကတိပြုချက်များ ရရှိခြင်းပင် ဖြစ်ကြောင်းလည်း ပါရှိသည်။

အကြောင်း အမျိုးမျိုးကြောင့် ပါဝင် လက်မှတ်ရေးထိုးရန် ဆန္ဒရှိသော်လည်း ပါဝင် လက်မှတ် မရေးထိုးနိုင်သေးသည့် အဖွဲ့အစည်းများ အတွက် လက်တွေ့ကျသည့် နည်းကို အမြန်ဆုံး ရှာဖွေရန်နှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးကာ စုပေါင်း အဖြေရှာနိုင်မည့် အခွင့်အရေးကို အပြည့်အဝ ဆုပ်ကိုင် ရယူနိုင်ကြမည်ဟု မိမိတို့ ယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (SD) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ ၉ ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပတ်သက်၍ စာချုပ်ပါ အချက်အလက်များ အား အပြီးသတ် ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့သည်။ (Xinhua)